ဘက်တီးရီးယားတွေ ကိုယ်တိုင်သောက်ပြပြီး ဆေးပညာလောကရဲ့ အယူအဆမှားတစ်ရပ်ကို ပြောင်းလဲပြင်ဆင်ပေးခဲ့သူ

medicine.jpg

၁၉၈၄ ခုနှစ် ဇူလိုင်လ

သြစတြေးလျဆရာဝန် ဘာရီမာရှယ်က ဘက်တီးရီးယားတွေ မရေမတွက်နိုင်လောက်အောင် ပါဝင်တဲ့ ညိုညစ်ညစ် အရည်တွေကို တချိုက်တည်း မော့သောက်လိုက်တယ်။ သူ့ရဲ့အယူအဆ မှန်ကန်တယ်ဆိုတာ သက်သေပြဖို့ သူက အခုလို စွန့်စားခဲ့တာပါ။ သူ့ရဲ့စွန့်စားမှုက ဆေးပညာသမိုင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဘာရီမာရှယ်က အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန်ပါ။ ရောဂါဗေဒပညာရှင် ရော်ဘင်ဝါရင်းက အစာအိမ်နာ ဝေဒနာရှင်တွေရဲ့ အစာအိမ်တစ်သျှူးစ နမူနာတွေ သူ့ကို လာပြတယ်။ အဲဒီမှာ တွေ့ရတာက အံ့အားသင့်စရာပါပဲ။ တစ်သျှူးစ နမူနာတိုင်းမှာ ကရွတ်ခွေပုံသဏ္ဍာန်ဘက်တီးရီးယား တွေ့ရှိရတာပါပဲ။ အဲဒီကာလ ဆေးပညာသင်ရိုး စာအုပ်တိုင်းမှာ အစာအိမ်ဆိုတာ အက်ဆစ်ဓာတ် များလွန်းလို့ ဘက်တီးရီးယားတွေ မရှင်သန်နိုင်ဘူးလို့ ရေးသားထားတာပါ။

အဲဒီကာလတုန်းက အစာအိမ်နာ ဝေဒနာရှင်တွေကို အက်ဆစ်ပြယ်ဆေး ပေးပြီး အစာ ပျော့ပျော့ပဲ စားခိုင်းလေ့ရှိပါတယ်။ ရောဂါပြင်းထန်ရင်တော့ အဲဒီနေရာကို ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ကြပါတယ်။ ဒါပေမဲ့ ဘာရီမာရှယ်ရဲ့ တွေ့ရှိမှုအရဆိုရင် ဒါက လွဲနေတယ်။

အစာအိမ်နာဆိုတာ စိတ်ဖိတ်စီးမှု များတာ၊ အပူ၊ အစပ် အလွန်အကျွံစားတာ၊ အက်ဆစ်ဓာတ် များတာ အစရှိတဲ့ လူနေမှုပုံစံကြောင့်(အဲဒီကာလက ဆေးပညာလောကမှာ လက်ခံထားတဲ့အယူအဆ) မဟုတ်ဘဲ ပိုးကူးစက်ခံရတာလို့ သူက ယူဆပါတယ်။ အစာအိမ်နာ ရောဂါရှိသူ ၁၀၀ အနက် ၇၇ ယောက်ရဲ့ အစာအိမ်နဲ့ အူသိမ်ကြားမှာရှိတဲ့ အတိုဆုံးအပိုင်းမှာ ဘက်တီးရီးယား တွေ့ရှိရတာ တိုက်ဆိုင်မှု မဟုတ်ဘူး။ ၂ ပတ်လောက် ပဋိဇီဝဆေးတိုက်ပြီး ကုသလို့ ရနိုင်ပါတယ်။

၁၉၈၃ ခုနှစ်မှာ မာရှယ်နဲ့ ဝါရင်းက သူတို့ရဲ့တွေ့ရှိချက်ကို ဆေးပညာညီလာခံတစ်ခုမှာ တင်ပြခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်။ အစာအိမ်အက်ဆစ်ရည်ထဲမှာ ဘက်တီးရီးယား မရှင်သန်နိုင်ဘူးလို့ မှတ်ချက်ပေးခံခဲ့ရတယ်။ သြစတြေးလျမှာနေတဲ့ အညာတရ ဆရာဝန်တစ်ယောက်က ဆယ်စုနှစ်များစွာ လက်ခံထားတဲ့ သိပ္ပံအယူအဆတစ်ရပ်ကို စိန်ခေါ်ခွင့်မရှိဘူးလို့ ဝေဖန်ခံခဲ့ရတယ်။ ဂျာနယ်တွေကလည်း ဒီတွေ့ရှိချက်ကို ဖော်ပြဖို့ ငြင်းဆန်ကြတယ်။ ကောလိပ်ကျောင်းတွေကလည်း လက်မခံဘူး။

အစာအိမ်နာ ခံစားနေရသူ သန်းပေါင်းများစွာကတော့ အက်ဆစ်ပြယ်ဆေး သောက်လိုက်၊ ခဏ သက်သာသွားလိုက်၊ ပြီးရင် ပြန်ဖြစ်လိုက်နဲ့ အခက်တွေ့နေခဲ့ကြတယ်။ ဒါကြောင့်လည်း မာရှယ်က သူကိုယ်တိုင် သက်သေပြဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ ဝက်၊ ကြွက် အစရှိတဲ့ သတ္တဝါတွေမှာ စမ်းသပ်ခဲ့ပေမဲ့ အစာအိမ်နာ ဖြစ်တာ မတွေ့ရဘူး။ Helicobacter ဘက်တီးရီးယားက လူကိုပဲ ကူးစက်နိုင်တဲ့ပုံစံပြတယ်။

Helicobacter ဘက်တီးရီးယားကို သောက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မာရှယ်ဟာ ကြောက်စရာကောင်းတဲ့ လက္ခဏာတွေ စပြလာပါတယ်။ အော့အန်တာ၊ ဗိုက်အောင့်တာနဲ့ ခံတွင်းအနံ့ဆိုးတာတွေ ပြင်းပြင်းထန်ထန် ခံစားရပြီး မှန်ပြောင်းကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့ အစာအိမ်ထဲမှာ Gastritis (အစာအိမ်ရောင်ရမ်းခြင်း) ဖြစ်နေပြီဆိုတာ အတည်ပြုနိုင်ခဲ့တယ်။

ဒီနောက်မှာတော့ မာရှယ်က သူ ဖော်စပ်ထားတဲ့ ပဋိဇီဝဆေး တွေကို သောက်သုံးပြီး သူ့ရဲ့ရောဂါကို ကိုယ်တိုင် ပြန်ကုသပြခဲ့ပါတယ်။ ၂ ပတ်အတွင်းမှာပဲ ရောဂါလက္ခဏာတွေ ပျောက်ကွယ်သွားပြီး အစာအိမ်ထဲမှာ ဘက်တီးရီးယားတွေ မရှိတော့ဘူးဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒီစွန့်စားမှုဟာ ဆေးပညာလောကကို တုန်လှုပ်သွားစေခဲ့ပြီး နောက်ဆုံးမှာတော့ အစာအိမ်နာဟာ စိတ်ဖိစီးမှုကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုတာကို လူတွေ လက်ခံခဲ့ကြတာပါ။

၂၀၀၅ ခုနှစ်မှာတော့ မာရှယ်နဲ့ ရော်ဘင်ဝါရင်းတို့ဟာ Helicobacter ဘက်တီးရီးယားကို ရှာဖွေတွေ့ရှိမှုအတွက် ဆေးပညာ နိုဘယ်လ်ဆု ရရှိခဲ့ကြပြီး အစာအိမ်နာနဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့ အယူအဆကိုလည်း တော်လှန်ပြောင်းလဲ ပစ်နိုင်ခဲ့ပါတယ်။

Ref: Barry Marshall and Robin Warren

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top