မသန်စွမ်းသူငယ်ချင်းကို ကျောပိုးပြီး (၆) နှစ်လုံးလုံး ကျောင်းတက် ကျောင်းဆင်း လုပ်ပေးတဲ့ ကျောင်းသားလေး

boy1.jpg

တရုတ်နိုင်ငံ စီချွမ်ပြည်က (၁၂) နှစ် အရွယ် ကျောင်းသားလေး ရှုဘင်းရန်း (Xu Bingyang) က အချစ်ဆုံးသူငယ်ချင်း ကျန်းဇီ (Zhang Ze) ကို ကျောပိုးပြီး ကျောင်းတက်လာတာ မူလတန်းကတည်း ကနေ ခုထိဆို (၆) နှစ် နီးပါး ရှိပါပြီ။

ကျန်းဇီက အာရုံကြော ကြွက်သားတွေ မူမမှန်တဲ့ ရောဂါကို ကာလကြာရှည် ခံစားနေရပြီး အရိုးကြွက်သားတွေ အားနည်းနေတာကြောင့် ကိုယ်ထူကိုယ်ထ လမ်းမလျှောက်နိုင်ပါဘူး။ ဒါကြောင့် Xu က ဘေးနားကနေ တွဲပြီး လမ်းလျှောက်ပေးရသလို လှေကားထစ်တွေနား ရောက်ရင်တော့ သူငယ်ချင်းဖြစ်သူကို ကျောပိုးပြီး သယ်သွားပေးပါတယ်။ နေ့လည်စာ စားချိန်တွေမှာ ကူညီပေးသလို သန့်စင်ခန်းသွားရင်လည်း ကျောပိုးပြီး လိုက်ပို့ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ခင်မင်မှုသတင်းကတော့ ကျောင်းကနေတဆင့် ပြည်တွင်းသတင်းမီဒီယာတွေထိ ပျံ့နှံ့သွားခဲ့ပါတယ်။

Xu အတွက်က ဒီလိုမျိုး သူငယ်ချင်းကို အကူအညီပေးတယ်ဆိုတာ ကိုယ်တိုင်သဘောကျလို့ ဖြစ်ပြီး အခက်အခဲ အများကြီး မရှိဘူးလို့ ဆိုပါတယ်။ Xu ရဲ့ ကိုယ်အလေးချိန်က ကီလိုဂရမ် (၄၀) ကျော်ရှိပြီး ကျန်းဇီက (၂၅) ကီလိုဂရမ်ပဲ ရှိတာကြောင့် ကျောပိုးရတာ မခက်ခဲခဲ့ပါဘူး။ နေ့တိုင်း တူတူစာလေ့လာပေးပြီး စကားပြောဖော် ကစားဖော်ဖြစ်ပေးတဲ့ Xu ကို ကျန်းဇီကတော့ သူငယ်ချင်းကောင်းအဖြစ် အမြဲတမ်း သတ်မှတ်ထားပါတယ်။

ဒီလိုမျိုး ခြောက်နှစ်ဆက်တိုက် ကူညီပေးရပေမဲ့ သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေ ရှေ့မှာ Xu တစ်ယောက် ညည်းညူမှု လုံးဝ မရှိခဲ့ပါဘူး။ သူ့ရဲ့ အနာဂတ် ရည်ရွယ်ချက်ကို မေးတိုင်းလည်း အနီးအနားမှာရှိတဲ့ အကူအညီလိုအပ်နေသူတွေကို အမြဲတမ်း ကူညီပေးချင်တယ်လို့ Xu က ဆိုပါတယ်။

Ref: Newshub “12yo Chinese schoolboy carries disabled friend to class every day for six years”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top