အသက် ၆ နှစ်အရွယ် စတီဖန်ဆိုတဲ့ ကလေးလေးဟာ အော်တစ်ဇင်ဖြစ်တဲ့အပြင် ပုံမှန်မဟုတ်တဲ့၊ အာဟာရမဖြစ်တဲ့ ပစ္စည်းတွေကို အလွန်အမင်းနှစ်ခြိုက်စွာ စားသုံးတတ်တဲ့ရောဂါ Pica ကိုလည်း ခံစားနေရတာပါ။ သူဟာ ပုံမှန်မဟုတ်တဲ့ အာသိသဖြစ်တဲ့ရောဂါကြောင့် အိပ်ခန်းကနံရံတွေကို စုတ်ဖြဲပြီးစားတယ်၊ လျှပ်စစ်ဝါယာကြိုးတွေ၊ ရွှံ့တွေဝါးတယ်၊ သဲတွေကိုတောင် မျိုချပါတယ်။
သူ့အဖေနဲ့အမေက စကော်တလန်၊ North Lanarkshire မှာ ရှိတဲ့ သူတို့ရဲ့အိမ်မှာ စတီဖန် အန္တရာယ်ဖြစ်မှာဆိုးလို့ မျက်ခြေမပြတ်ကြည့်နေရပါတယ်။ စတီဖန် ပုံမှန်မဟုတ်တဲ့အရာတွေ စားမှာဆိုးလို့ သူတို့ရဲ့ဧည့်ခန်းမှာ ဆိုဖာ ၂ ခုပဲရှိပါတယ်။ မီးဖိုချောင်ထဲမှာ အရာအားလုံးကို သော့ခတ်ထားရပါတယ်။

စတီဖန်ဟာ လွန်ခဲ့တဲ့ ၄ လလောက်က pica ရောဂါကို တွေ့ရှိခဲ့ရတာပါ။ စတီဖန်ရဲ့မိသားစုက သူ့အတွက် ပိုမိုလုံခြုံစေဖို့ သူတို့ငှားရမ်းနေထိုင်တဲ့အိမ်ကနေ ကောင်စီအိမ်ကို ပြောင်းရွှေ့နိုင်ဖို့ North Lanarkshire Council ကို တောင်းဆိုထားးပါတယ်။
Pica ရောဂါက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အတွေ့များတတ်ပြီး နာတာရှည်ရောဂါမဟုတ်ပါဘူး။ တချို့သော ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျတဲ့ ရောဂါသည်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီရောဂါကို စမ်းသပ်စစ်ဆေးဖို့ စက်ကိရိယာတွေမရှိသေးပါဘူး။ ရောဂါရာဇဝင်ကို သေချာအတည်ပြုခြင်းနဲ့သာ ဒီရောဂါဆိုတာ သိရှိနိုင်ပါတယ်။ ဒီရောဂါကို ကုဖို့ဆိုရင် ဆရာဝန်တွေက ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှာဖွေပြီး ကုသပေးရမှာဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့တာလို လိုအပ်တဲ့ အာဟာရကို ပြန်လည်ဖြည့်တင်းပေးတဲ့ ကုသတာမျိုးတွေပါ။ စိတ်ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်လည်း ဒီရောဂါဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။
Ref: Boy, 6, eats sand, bedroom walls and mud because of rare condition
WL (ရိုးရာလေး)

