အစ္စရေးတိုက်လေယာဉ်တွေက အနားကပ်ပျံသန်းခဲ့လို့ အီရန်ခရီးသည်တင်လေယာဉ်ပေါ်က ခရီးသည်တွေ ဒဏ်ရာရ

23-7-2020-yyl-025.jpg

ဆီးရီးယားနိုင်ငံ လေပိုင်နက်ထဲမှာ အစ္စရေးတိုက်လေယာဉ်တွေက အီရန်ခရီးသည် တင်လေယာဉ်တစ်စင်းနဲ့ အန္တရာယ်ဖြစ်လောက်အောင် အနားကပ်ပျံသန်းခဲ့တယ်လို့ အီရန်အစိုးရပိုင် Irib သတင်းဌာနက ဖော်ပြပါတယ်။ မာဟန်လေကြောင်းလိုင်း(Mahan Air)ရဲ့ လေယာဉ်မှူးက ခရီးသည်တင်လေယာဉ်ကို ရုတ်တရက် အမြင့်ပေ နိမ့်ချခဲ့လို့ ခရီးသည်တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ Irib သတင်းဌာနက ဖော်ပြထားတဲ့ ဗီဒီယိုမှာ ခရီးသည်တင်လေယာဉ် ပြတင်းပေါက်နားကနေ ဖြတ်ပျံသွားတဲ့ တိုက်လေယာဉ် တစ်စင်းကို တွေ့ရပြီး ခရီးသည်တစ်ယောက်ရဲ့မျက်နှာမှာ သွေးထွက်နေပါတယ်။

အဲဒီတိုက်လေယာဉ်တွေဟာ အမေရိကန်တိုက်လေယာဉ်တွေဖြစ်လောက်တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ တီဟီရန်မြို့ကနေ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို ပျံသန်းနေတဲ့ မာဟန်လေကြောင်းလိုင်းဟာ ဘေးအန္တရာယ်ကင်းကင်း ဆင်းသက်နိုင်ခဲ့တယ်လို့ ဘေရွတ်မြို့မှာရှိတဲ့ လေဆိပ်ဆိုင်ရာ သတင်းရင်းမြစ်က ပြောပါတယ်။ ခရီးသည် တင်လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ဘယ်လောက်လိုက်ပါလာလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန် နှစ်နိုင်ငံလုံးက မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိပါဘူး။ မာဟန်လေကြောင်းလိုင်းဟာ ၁၉၉၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာတော့ အီရန်တော်လှန်ရေး သက်စောင့်တပ်ဖွဲ့ကို ငွေကြေး၊ ပစ္စည်းကိရိယာနဲ့ နည်းပညာအထောက်အပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှု လုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဥရောပနိုင်ငံ တော်တော်များများက မာဟန်လေကြောင်းလိုင်းကို သူတို့ရဲ့လေဆိပ်တွေကနေ ပြေးဆွဲခွင့် ပိတ်ပင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top