ဝါရှင်တန်ဒီစီမြို့ထက် ပိုကြီးတဲ့ တောမီးကို ငြှိမ်းသတ်ရင်း ရဟတ်ယာဉ်ပျက်ကျလို့ လေယာဉ်မှူး သေဆုံး

20-8-2020-yyl-017.jpg

ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ အမေရိကန်နိုင်ငံ အာဏာပိုင်တွေက ပြောပါတယ်။ ရေဖြန်းပေးနေတဲ့ ရဟတ်ယာဉ်ဟာ ကိုအာလင်ဂါမြို့နားမှာ ပျက်ကျခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးပဲ လိုက်ပါခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှု ရာနဲ့ချီ ရင်ဆိုင်နေရလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အချိန်တိုအတွင်းမှာ တောမီးတွေ ကူးစက်လောင်ကျွမ်းခဲ့လို့ ဆန်ဖရန်စစ္စကိုမြို့အနီးတစ်ဝိုက် ဒေသတွေမှာ နေထိုင်တဲ့ လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တောမီးလောင်ကျွမ်းခံရနိုင်ခြေ အများဆုံးကတော့ ဆန်ဖရန်စစ္စကိုမြို့နဲ့ ဆာခရာမန်တိုမြို့ကြားမှာရှိပြီး လူ ၁ သိန်းလောက် နေထိုင်တဲ့ ဗာကာဗီးလ်မြို့ ဖြစ်ပါတယ်။ ဗာကာဗီးလ်မြို့မှာ နေထိုင်သူတွေကို ရွှေ့ပြောင်းပေးနိုင်ဖို့ အရာရှိတွေက ညတွင်းချင်းမှာပဲ တစ်အိမ်တက် တစ်အိမ်ဆင်း ဆောင်ရွက်နေကြပါတယ်။

ဗာကာဗီးလ်မြို့မှာ မီးလောင်ပြာကျခဲ့တဲ့ အဆောက်အအုံ ၅၀ ရှိပြီး နောက်ထပ်အဆောက်အအုံ ၅၀ ကတော့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ အပူလှိုင်းဖြတ်ခံရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိုးကြိုးပစ်ခတ်မှု အကြိမ် ၁၁၀၀၀ လောက်ရှိလို့ မီးတောက်လောင်ခဲ့တာလို့ ယူဆကြပါတယ်။ အခုတစ်ပတ်အစောပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ သေမင်းတောင်ကြား(Death Valley)မှာ ကမ္ဘာမြေရဲ့ အပြင်းဆုံးအပူချိန်အဖြစ် ( ၅၄. ၄ ဒီဂရီဆဲလ်စီးယက်)ကို တိုင်းတာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်တွေမှာ နေထိုင်သူ ၄၅ သန်းလောက်ဟာ အပူဒဏ် တစ်မျိုးမဟုတ်တစ်မျိုး ခံစားခဲ့ရပါတယ်။

လက်ရှိအချိန်အထိ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီး ၃၆၇ ခု လောင်ကျွမ်းနေပြီး တောမီးလောင်ကျွမ်းမှု အရေအတွက် မြင့်တက်လာမယ့် အလားအလာရှိနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က ပြောပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ညက လေတိုက်ခတ်မှုကြောင့် ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ တောမီးလောင်ကျွမ်းခံရတဲ့ အကျယ်အဝန်းက ဧက ၄၆,၀၀၀ အထိ ကြီးထွားလာခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့ထက် ပိုကြီးမားတဲ့ တောမီးကြောင့် လူလေးယောက် ဒဏ်ရာရခဲ့ပြီး ဗာကာဗီးလ်မြို့ရဲ့ အဆောက်အအုံ ၂၀၀၀ နီးပါးကတော့ မီးလောင်ကျွမ်းခံရမယ့် အန္တရာယ် ကြုံတွေ့နေပါတယ်။

Ref: BBC “California fires: Helicopter pilot killed while battling blaze”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top