တရုတ်နိုင်ငံရဲ့ ၁ ယွမ်ငွေစက္ကူမှာ မျက်နှာပါခဲ့ပြီး ၁ ယွမ်တန်မိန်းကလေးအဖြစ် လူသိများခဲ့တဲ့ အဲ့ဒီအမျိုးသမီးဟာ ဆယ်စုနှစ် ၅ စု နီးပါးအကြာမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံစိုက်မှုကို တစ်ဖန်ပြန်ရရှိလာပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့က ကွေ့ကျိုးပြည်နယ်က Influencer တစ်ယောက် မျှဝေခဲ့တဲ့ ဗီဒီယိုတစ်ပုဒ်က ၁ ယွမ်တန်မိန်းကလေးရဲ့အကြောင်းကို ပြန်ပြီး အာရုံစိုက်လာစေခဲ့ပါတယ်။
အဲ့ဒီဗီဒီယိုမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ကွန်ကျန်းခရိုင်မှာ နေထိုင်တဲ့ Dong တိုင်းရင်းသားမျိုးနွယ်စုက သာမန်လယ်သမား အသက် ၆၅ နှစ်အရွယ် ရှီနိုင်ယင်ပါဝင်ခဲ့တာပါ။ အဲ့ဒီရှီနိုင်ယင်က ငွေစက္ကူမှာ ပါဝင်ခဲ့တဲ့ ၁ ယွမ်တန်မိန်းကလေးပါ။ သူ့ကို ၁ ယွမ်တန်မိန်းကလေးလို့ သိကြပေမဲ့ သူ့ရွာက လူတွေကတော့ သာမန်လယ်သမားတစ်ဦးအဖြစ်သာ သိကြပါတယ်။

ရှီက ၁ ယွမ် ငွေစက္ကူမှာ ပါဝင်ဖြစ်ခဲ့တာက ဒီလိုပါ။ သူ အသက် ၁၆ နှစ်အရွယ်မှာ သူ့သူငယ်ချင်းတွေနဲ့အတူ အနီးနားက ဈေးကို သွားခဲ့ပါတယ်။ သူဟာ Dong ရိုးရာဝတ်စုံကို ဝတ်ဆင်ထားကာ သူ့နားမှာလည်း တောက်ပြောင်တဲ့ငွေနားကပ်ကို ပန်းဆင်ထားခဲ့တာပါ။ သူ ပန်းထိုးဖို့အတွက် အပ်နဲ့ ချည်မျှင်တွေဝယ်ယူနေစဉ် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက သူ့ရဲ့လက်ကို ညင်သာစွာကိုင်ပြီးတော့ မျက်နှာကို ဘေးတစောင်းလေး အနည်းငယ်လှည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သူ ဇဝေဇဝါဖြစ်ခဲ့ပေမဲ့ အဲ့ဒီအမျိုးသား တောင်းဆိုတဲ့အတိုင်း လိုက်လျောပေးခဲ့ပါတယ်။ နောက်တော့ အဲ့ဒီအမျိုးသားက သူ့ရဲ့ဘေးတစောင်းမျက်နှာပုံတူကို ရေးဆွဲခဲ့တာပါ။ ဒီအဖြစ်အပျက်ကို သူ့စိတ်ထဲ မရှိတော့ဘဲ ဘယ်သူ့ကိုမှ သူ မပြောပြဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းကျတော့ လူတွေက ရှီကို ၁ ယွမ်ငွေစက္ကူပေါ်က မိန်းကလေးနဲ့တူတယ်လို့ ပြောလာကြပါတယ်။ အဲ့ဒီအချိန်ကျမှ ရှီဟာ ဈေးကဖြစ်ရပ်ကို ပြန်အမှတ်ရခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ တရုတ်က အမျိုးသမီး ၂ ဦးပါဝင်တဲ့ စတုတ္ထအကြိမ်မြောက်ငွေစက္ကူတွေကို ထုတ်ခဲ့တာပါ။ အမျိုးသမီး ၂ ဦးမှာ တစ်ဦးက Dong တိုင်းရင်းသားမျိုးနွယ်စုဖြစ်ပြီး တစ်ဦးက Yao တိုင်းရင်းသားမျိုးနွယ်စုကပါ။ ဒီသရုပ်ဖော်ပုံကို ဖန်တီးခဲ့တာက နာမည်ကျော်ပန်းချီပညာရှင် ဟူယီမင်ပါ။ ဈေးမှာ ရှီနဲ့ ဆုံခဲ့တဲ့ အသက် ၃၀ အရွယ်အမျိုးသားက ဟူယီမင်ပါပဲ။
၂၀၁၀ ခုနှစ်ဝန်းကျင်လောက်ကျမှ လူတွေက ၁ယွမ်ငွေစက္ကူဟောင်းမှာပါတဲ့ အမျိုးသမီးတွေထဲ တစ်ဦးက ရှီနိုင်ယင်နဲ့ တူတယ်လို့ ထောက်ပြလာခဲ့ရင်းနဲ့ ရှီဆိုတာကို အတည်ပြုနိုင်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ တရုတ်က မော်စီတုန်း ရုပ်ပုံပါတဲ့ ပဥ္စမမြောက်ငွေစက္ကူတွေကို ထုတ်ပြီးခဲ့ပါပြီ။

ရှီက ငွေစက္ကူမှာ သူ့မျက်နှာပါတာကို သိပြီးတဲ့နောက်မှာတောင် စိတ်လှုပ်ရှားတာမပြခဲ့ပါဘူး။ သူက သူ့ဘဝကို ပုံမှန်အတိုင်း ဆက်သွားဖို့ကိုပဲ ယုံကြည်ထားလို့ပါ။ သူက ဆင်းရဲတဲ့မိသားစုက လာခဲ့တာဖြစ်ပြီး မွေးချင်းမောင်နှမတွေမှာ အကြီးဆုံးဖြစ်ပါတယ်။ ကျောင်းမတက်ခဲ့ရသလို ငယ်ငယ်ကတည်းက သူ့မိသားစုကို ရှာကျွေးခဲ့ရတာပါ။
အသက် ၂၃ နှစ်မှာ မိဘတွေ ပေးစားတဲ့သူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး သားနဲ့သမီးကတော့ အပြင်မှာ အလုပ်ထွက်လုပ်နေကြပါတယ်။ ရှီက ၁ ယွမ်တန်မိန်းကလေးလို့ သိသွားကြတဲ့အချိန်မှာ လူတော်တော်များများက ရှီဟာ နာမည်ကြီးမှုကြောင့် ချမ်းသာကြွယ်ဝလာတယ်လို့ ယုံကြည်ပြီးတော့ ငွေကြေးအကူအညီတောင်းတဲ့ စာတွေပေးပို့ခဲ့ကြပါတယ်။ သူ့မိသားစုက ဒီသရုပ်မှန်ကို အသုံးပြုပြီးတော့ အစိုးရဆီကနေ ဘယ်လိုအကူအညီထောက်ပံ့မှု၊ ဘယ်လိုအကျိုးခံစားမှုမျိုးကိုမှ မတောင်းဆိုခဲ့ဘူးလို့ ရှီက ပြောထားပါတယ်။ သူက သူ့ရဲ့ရွာမှာ ရိုးရှင်းတဲ့ဘဝလေးနဲ့ နေထိုင်နေတုန်းပါပဲ။
Ref: China ‘one yuan girl’ featured in old renminbi banknote located after nearly 50 years
WL (ရိုးရာလေး)

