အရင်းနှီးဆုံး သူငယ်ချင်း ၁၄ ယောက်ကို ဒေါ်လာတစ်သန်းစီပေးပြီး အံ့အားသင့်အောင်လုပ်ခဲ့တဲ့ မင်းသားကြီး ဂျော့ကလိုနေး

photo1.jpg

သူငယ်ချင်းတွေသာမရှိရင် သူ ဒီလိုအောင်မြင်လာမှာမဟုတ်ဘူးလို့ မှတ်ယူထားတဲ့ ဟောလိဝုဒ်မင်းသားကြီး ဂျော့ကလိုနေးက အရင်းနှီးဆုံး သူငယ်ချင်း ၁၄ ယောက်ကို ဒေါ်လာတစ်သန်းစီ ပေးခဲ့တဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။ စန်ထရာဘူးလော့နဲ့ ဂျော့ကလိုနေးတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Gravity ဇာတ်ကား အထူးပွဲမပြခင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ညစာစားပွဲမှာ ဂျော့ကလိုနေးက အရင်းနှီးဆုံး သူငယ်ချင်း ၁၄ ယောက်ကို ဒေါ်လာတစ်သန်းစီထည့်ထားတဲ့ လက်ဆွဲအိတ်တစ်လုံးစီ ပေးခဲ့တာပါ။

” ပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း သူတို့က ကျွန်တော့်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကူညီပေးခဲ့တယ်။ ကျွန်တော် မွဲနေချိန်တုန်းက သူတို့တွေအိမ်က ဆိုဖာပေါ်မှာ အိပ်တယ်။ ကျွန်တော် ပိုက်ဆံမရှိရင် သူတို့က ပိုက်ဆံချေးပေးတယ်။ အဲဒီနှစ်တွေမှာ ကျွန်တော် လိုအပ်ချိန်တိုင်း သူတို့က ကူညီပေးခဲ့တယ်” လို့ ဂျော့ကလိုနေးက ပြောပါတယ်။

အလှမယ် မိခင်နဲ့ သတင်းဌာနမှာ အစီအစဉ်မှူးလုပ်တဲ့ ဖခင်ကနေ မွေးဖွားလာခဲ့တဲ့ ဂျော့ကလိုနေးဟာ မြောက်ပိုင်းကင်တပ်ကီတက္ကသိုလ်နဲ့ စင်စင်နတီတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပေမဲ့ ဘွဲ့မရခဲ့ပါဘူး။ ဂျော့ကလိုနေးရဲ့အမေဘက်ကို အမျိုးစပ်လိုက်ရင် သူက အမေရိကန်သမ္မတ အေဘရာဟမ်လင်ကွန်းနဲ့ ဆွေမျိုးမကင်းပါဘူး။ လူလတ်တန်းစားမိသားစုကနေ မွေးဖွားလာခဲ့တဲ့ ဂျော့ကလိုနေးဟာ ပညာရေးဘက်မှာ မအောင်မြင်ခဲ့လို့ အစောပိုင်းတုန်းက ရုန်းကန်ခဲ့ရသူပါ။

အမျိုးသမီးစီး ဖိနပ်တွေရောင်း၊ တစ်အိမ်တက် တစ်အိမ်ဆင်း အာမခံတွေ ရောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်၊ ဆေးရွက်ကြီး ဖြတ်တဲ့အလုပ်လုပ်ပြီး ငွေရှာခဲ့တဲ့ ဂျော့ကလိုနေးဟာ ၁၉၇၈ ခုနှစ်ထွက် Centennial ရုပ်သံစီးရီးမှာ ဖြတ်လျှောက်လုပ်ရာကနေ ရုပ်ရှင်လောကထဲ ရောက်လာပြီး ER ရုပ်သံစီးရီးမှာ ဒေါက်တာဒေါက်ရို့စ်အဖြစ် သရုပ်ဆောင်ရာကနေ နာမည်ကြီးလာခဲ့သူပါ။

Gravity ဇာတ်ကားမှာ ဂျော့ကလိုနေးနဲ့ စန်ထရာဘူးလော့တို့ကို သရုပ်ဆောင်ကြေး ပုတ်ပြတ်ပေးတာမဟုတ်ဘဲ ရုံဝင်ကြေး ရာခိုင်နှုန်းအလိုက် သတ်မှတ်ပေးတာဖြစ်လို့ ဇာတ်ကားအောင်မြင်လေလေ ငွေပိုရလေလေ ဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်ကားက ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၇၂၃.၂ သန်း ရရှိခဲ့သလို အော်စကာဆု ၇ ဆု အပါအဝင် ဆုတွေအများကြီး ရရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဂျော့ကလိုနေးဟာ သူ့ရဲ့ဇနီးသည်ဖြစ်လာမယ့် အေမယ်နဲ့ တွေ့နေပြီဖြစ်ပေမဲ့ ချစ်သူမဖြစ်သေးပါဘူး။ သူငယ်ချင်းတွေကို တစ်ယောက် ဒေါ်လာတစ်သန်းစီပေးဖို့အတွက် ဂျော့ကလိုနေးက သူ့ရဲ့ဗန်ကားအစုတ်ကြီးကို လော့စ်အိန်ဂျလိစ်မြို့လယ်မှာရှိတဲ့ ပိုက်ဆံတွေသိမ်းထားတဲ့ ဂိုဒေါင်ဆီ မောင်းသွားပြီး ငွေသား ဒေါ်လာ ၁၄ သန်း ယူလာခဲ့တာပါ။ ပြီးတော့ သူ့သူငယ်ချင်းတွေကို သူ့အိမ်မှာ ညစာစားပွဲရှိတယ်လို့ ဖိတ်ပြီး အံ့အားသင့်အောင် လုပ်ခဲ့တာပါ။
” သူငယ်ချင်းတွေမရှိရင် ကျွန်တော်လည်း ဒီလိုဖြစ်လာစရာ မရှိပါဘူး။ ကျွန်တော်တို့က အရမ်းရင်းနှီးတယ်။ တကယ်လို့ ငါ ကားတိုက်ခံရရင်လည်း သေတမ်းစာထဲမှာ သူငယ်ချင်းတွေကိုပဲ ပေးခဲ့ရမှာပါ။ အဲဒီတော့ ဘာလို့ ကားတိုက်ခံရတဲ့အချိန်အထိ စောင့်နေရမလဲလို့ တွေးမိခဲ့ပါတယ်”လို့ ဂျော့ကလိုနေးက GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဂါဘာလို့ အမည်ရတဲ့ ဂျော့ကလိုနေးရဲ့ သူငယ်ချင်းက အဲဒီနေ့အကြောင်း ပြောပြခဲ့ဖူးပါတယ်။ ” ကျွန်တော်တို့ သူ့အိမ်ရောက်သွားတော့ Tumi လက်ဆွဲအိတ် ၁၄ လုံး ချထားတယ်။ ကျွန်တော်တို့ကို လက်ဆွဲအိတ်တစ်လုံးစီ ပေးတယ်။ ဖွင့်ကြည့်လိုက်တော့ ဒေါ်လာ ၂၀ တန်တွေ တစ်သန်းဖိုးရှိတယ်။ ကျွန်တော်တို့ ၁၄ ယောက်လုံး တစ်သန်းစီ ရခဲ့တာပါ။ ကျွန်တော်တို့တွေလည်း ” ဘာတုန်းဟ”ဆိုတာမျိုး ဖြစ်သွားတယ်လေ” လို့ ဂါဘာက ပြောပါတယ်။

အဲဒီနောက် တစ်နှစ်အကြာဖြစ်တဲ့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှာတော့ ဂျော့ကလိုနေးက အေမယ်နဲ့ လက်ထပ်လိုက်ပြီး ( ဒုတိယအိမ်ထောင်ဖြစ်သည်၊ ပထမအိမ်ထောင်မှာ တာလီယာဘယ်လ်ဆမ်ဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက ကွာရှင်းခဲ့) အခုအခါမှာတော့ သားသမီး ၂ ယောက် ရှိနေပါပြီ။

Ref: CNN & Insider & Wiki

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top