တေးသံရှင် ဖိုးခေါင်ရဲ့ ”၁၇၉ မိုင်”တေးစီးရီးမိတ်ဆက်ပွဲကျင်းပ

yyl-037-2.jpg

ပြည်မြို့သားတေးသံရှင် ဖိုးခေါင်ရဲ့ ”၁၇၉ မိုင်”လို့ အမည်ပေးထားတဲ့ ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော် တေးအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။”နှစ်ရှည်လများကြာအောင် စိတ်တိုင်းကျတဲ့အထိ အချိန်ယူဖန်တီးထားပါတယ်။ ဒီဘဝမှာ ခွေမထွက်နိုင် တော့ဘူးလို့ ထင်လိုက်တာ၊ အခုလိုထွက်ဖြစ်သွားတော့ အင်မတန်ဝမ်းသာရပါတယ်”လို့ ကိုဖိုးခေါင်က ပြောပါတယ်။

ဒီတေးအယ်လ်ဘမ်မှာ သီချင်း ၁၀ ပုဒ် ပါဝင်ပြီးတော့ အားလုံးဟာ ကိုယ်ပိုင်သံစဉ်တွေ ဖြစ်ပါတယ်။ ဒီသီချင်း ၁၀ ပုဒ်မှာ ၉ ပုဒ်ကို သူကိုယ်တိုင်ရေးသားခဲ့တာဖြစ်ပြီး ကျန်တစ်ပုဒ်ကိုတော့ အောင်လံသားတေးရေးဆရာ အလင်းကြီးက ရေးသားခဲ့တာ ဖြစ်ပါတယ်။

အခုအယ်လ်ဘမ်မှာပါဝင်တဲ့ သီချင်းအမျိုးအစားနဲ့ပတ်သက်ပြီး ”တံဆိပ်တစ်ခုတည်းမှာတော့ မရှိဘူး။ Blues ဆန်ဆန်သီချင်းလေးတွေလည်း ပါမယ်။ Reggae ပုံစံမျိုးလေးတွေလည်း ပါမယ်”လို့ ကိုဖိုးခေါင်က ပြောပါတယ်။၁၇၉ မိုင်ဆိုတာ ပြည်နဲ့ ရန်ကုန်ရဲ့ အကွာအဝေးဖြစ်ပါတယ်။ ဒီသီချင်းလေးကို ပြည်နဲ့ဝေးနေရတဲ့ ခံစားချက်လေးနဲ့ ရေးထားတာဖြစ်ပြီး City FM ရဲ့ သီချင်းသစ်ပြခန်းအစီအစဉ်လေးမှာ ထုတ်လွှင့်ဖူးပါတယ်။

အဲဒီလိုထုတ်လွှင့်ပြီးနောက်ပိုင်းမှာ ၁၇၉ မိုင်သီချင်းဟာ အွန်လိုင်းပေါ်ကို ပျံ့နှံ့ခဲ့ပြီး လူသိများခဲ့တဲ့အပြင် အနုပညာအသိုင်းအဝိုင်းထဲက လူအတော်များများကလည်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။
အဲဒါကြောင့် လူသိများခဲ့တဲ့ ”၁၇၉ မိုင်”ဆိုတဲ့ အမည်လေးကိုပဲ အယ်လ်ဘမ်အမည်ပေးခဲ့တာဖြစ်တယ်လို့ ကိုဖိုးခေါင်က ဆိုပါတယ်။

တေးသံရှင်ဖိုးခေါင်ရဲ့ ”၁၇၉ မိုင်” တေးအယ်လ်ဘမ်ကို AGGA Music Production ကနေ ဇန်နဝါရီ ၂၀ ရက်ကစတင်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top