ကြောင်ဘီလူးမျိုးစိတ်ကို သပိတ်မှောက်ကြဖို့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

21.8.2024-yyl-4.png

ခွေးဘီလူးပုံစံ ကြောင်မျိုးစိတ်သစ်ဖြစ်တဲ့ ကြောင်ဘီလူးကို သပိတ်မှောက်ကြဖို့ တိရစ္ဆာန်ချစ်သူတွေနဲ့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ ခြေ၊ လက်တွေ တိုတောင်းပြီး အမွေးမပါတဲ့၊ အရေပြား တွန့်ခေါက်နေတဲ့ ကြောင်ဘီလူးမျိုးစိတ်ဟာ ကျန်းမာရေးပြဿနာတွေ များနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်နိုင်ငံမှာ စတင်မျိုးစပ်ခဲ့တဲ့ ကြောင်ဘီလူးဟာ ဗြိတိန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ ရေပန်းစားနေပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်မရှိတဲ့ သားဖောက်သူတွေကြောင့် သက်ရှိတိရစ္ဆာန်တွေ ထိခိုက်ခံစားရလိမ့်မယ်လို့ တိရစ္ဆာန်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက မှတ်ချက်ပေးကြပါတယ်။

” အမွေးမပါရင် နေလောင်ဒဏ် ခံရမယ်၊ ပုကွကွ ဖြစ်နေတဲ့ သွားလာလှုပ်ရှားဖို့ ခက်မယ်၊ အဆစ်အမြစ်တွေ နာနိုင်တယ်။ အရေပြား တွန့်နေတော့ အရေပြားကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။ ရောဂါတွေ ခံစားရအောင် တမင်သားဖောက်ထားသလိုပဲ။ ကြောင်ဘီလူးတွေက သူတို့သက်တမ်းတစ်လျှောက်လုံး ဝေဒနာတွေ ခံစားရလိမ့်မယ်။ ကြောင်ဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ် မွေးချင်သူတွေကို ပြောတာကတော့ ခန္ဓာကိုယ်အရွယ်အစား ထူးခြားတာကို သဘောကျရုံနဲ့ တိရစ္ဆာန် မမွေးပါနဲ့။ သူတို့ရဲ့ကောင်းကျိုးကိုလည်း ငဲ့ကွက်ကြပါလို့ ပြောချင်ပါတယ်” လို့ တော်ဝင်တိရစ္ဆာန်မွေးမြူရေးကောလိပ်မှ ဒေါက်တာ ဒန်အိုနေးက ပြောပါတယ်။

အမွေးမပါလို့ နေရောင်တိုက်ရိုက်ထိမယ့်အတွက် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ပြီး ရာသီဥတုအေးချိန်မှာ ခန္ဓာကိုယ် အနွေးဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းလည်း နည်းပါတယ်။ သားဖောက်သူတွေရဲ့အဆင်ခြင်မဲ့လုပ်ရပ်ကြောင့် ကြောင်ဘီလူးမျိုးစိတ်တွေ ထိခိုက်ခံစားရနိုင်ပေမဲ့ သူတို့ရဲ့ထူးခြားတဲ့အသွင်အပြင်ကြောင့် တိရစ္ဆာန်မွေးမြူသူတွေကြားမှာတော့ ရေပန်းစားနေဆဲပါပဲ။

Ref: Controversial Bully Cat Breed Sparks Outrage Among Animal Lovers
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top