မျက်ခွံအကြောလိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း

28-12-2020-yyl28.jpg

သတိမထားမိလိုက်တဲ့အချိန်အတွင်းလေးမှာပဲ မျက်ခွံလှုပ်တာကို ကြုံဖူးကြတယ်မလား။ တချို့ဆိုရင် ဆက်ခနဲ မျက်ခွံလှုပ်သွားရင် ဘယ်ဖက်မျက်ခွံအပေါ်လှုပ်ရင် ဘာဖြစ်တယ်၊ ညာဖက်မျက်ခွံအောက်လှုပ်ရင် ဘာဖြစ်တယ်ဆိုပြီး အတိတ်နိမတ်တွေကောက်တတ်ကြပါသေးတယ်။ မျက်ခွံလှုပ်ရင် ကောင်းတာက ဘယ်ပေါ်ညာအောက်ဆိုပြီးတောင် မှတ်ထားကြပါတယ်။ တကယ်တော့ သင့်မျက်ခွံတွေ ထိန်းချုပ်မရဘဲ ရုတ်တရက်အလိုက်အလျောက်လှုပ်နေတာကို မျက်ခွံအကြောလိုက်တယ် (Eye Twitching) လို့ ခေါ်တာပါ။ ဒီလိုဖြစ်တာကို လူတိုင်းကြုံတွေ့ကြရဖူးပါတယ်။ တချို့ကတော့ မျက်ခွံအကြောလိုက်တာက မသိသာပေမဲ့ တချို့ကျတော့လည်း မျက်ခွံအကြောလိုက်တာက အတော်ဆိုးတဲ့အတွက် မျက်လုံးကို မှိတ်ထားရပါတယ်။ မျက်ခွံအကြောလိုက်တာက ပြင်းထန်တဲ့ပြဿနာမဟုတ်တဲ့အပြင် ယာယီပါပဲ။ ချက်ချင်း တန်းပျောက်သွားတာပါ။ ဘာလို့အခုလိုဖြစ်ရလဲဆိုတာကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။

မျက်ခွံအကြောလိုက်ခြင်းရဲ့နောက်ကွယ်မှာ အကြောင်းအရင်းများစွာရှိပါတယ်။ စိတ်ဖိစီးတာနဲ့ ပင်ပန်းနွမ်းလျတာတွေကြောင့် မျက်ခွံအကြောလိုက်တာဆိုတဲ့ အကြောင်းအရင်းတွေကို လူတော်တော်များများသိထားကြပါတယ်။ ဒါပေမဲ့ မျက်စိအကြောလိုက်တာကို ဖြစ်စေနိုင်တဲ့ နောက်ထပ်တစ်ခုကတော့ ဗီတာမင် B12 ချို့တဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ အစားအစာကနေရရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းစနစ်အလုပ်လုပ်ဖို့အတွက် ကူညီပေးနေတာဖြစ်ပါတယ်။ အဲဒီအာဟာရဓာတ်တွေထဲက တစ်ခုခုချို့တဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးပြီး အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေကြုံတွေ့လာနိုင်ပါတယ်။ အဲဒီလိုပဲ ဗီတာမင် B12 ချို့တဲ့ရင်လည်း ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဗီတာမင် B12 က အသည်းမှာ နှစ်အကြာကြီး သိုလှောင်ထားနိုင်တာ Water-Soluble ဗီတာမင်ဖြစ်ပါတယ်။ ဒီအာဟာရဓာတ်ချို့တဲ့တာက သက်သက်လွတ်သမားတွေမှာ အဖြစ်များပါတယ်။ ဗီတာမင် B12 က အသားတွေမှာ အများဆုံးရရှိနိုင်ပါတယ်။ သွေးကြောတစ်သျူးပြဿနာ၊ ဦးနှောက်လုပ်ဆောင်ချက်တွေနဲ့ သွေးနီဥထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင် Bအုပ်စုတွေထဲက တစ်ခုပါပဲ။ ဒီအာဟာရဓာတ်ချို့တဲ့ရင် အာရုံကြောပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့မျက်လုံးတွေက သွေးကြောတော်တော်များများရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ခန္ဓာကိုယ်က ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် မျက်ခွံအကြောလိုက်တာဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခုက ဗီတာမင် B12 ချို့တဲ့ခြင်းရဲ့ပထမဆုံးကြုံတွေ့ရမယ့်လက္ခဏာတွေထဲက တစ်ခုပါပဲ။
ဒီအကြောင်းအရင်းတွေကလည်း မျက်ခွံအကြောလိုက်တာကိုဖြစ်စေနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာ၊ ကဖင်းဓာတ်အလွန်အကျွံသောက်တာ၊ ဗီတာမင်ဒီချို့တဲ့တာ၊ ပင်ပင်ပန်းပန်းလှုပ်ရှားထားတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပါပဲ။ မျက်ခွံအကြောလိုက်တာက ခဏပါပဲ။ သူ့အလိုလိုပျောက်သွားပါတယ်။ အာဟာရချို့တဲ့တာလို ကျန်းမာရေးအခြေအနေတွေကြောင့် မျက်ခွံအကြောလိုက်တာက အချိန်ကြာနည်းနည်းကြာနိုင်ပါတယ်။ ဒါပေမဲ့ မျက်ခွံက အဆက်မပြတ် (၂-၃) ရက် (ဒါမှမဟုတ်) (၁) ပတ်လောက် လှုပ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။ ဘာကြောင့်အခုလိုဖြစ်ရတာလဲဆိုတာ သေချာသိရဖို့အတွက် ဆရာဝန်ကပဲ သေချာကုသပေးနိုင်မှာဖြစ်ပါတယ်။

Ref: Do your eyes twitch uncontrollably? It could be due to this nutrient deficiency
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top