ခွေးအမျိုးအစားတွေထဲမှာ ကော်ဂျီအမျိုးအစားခွေးလေးတွေကလည်း သူတို့ပြုမူတဲ့အရာလေးတွေက ရယ်စရာ၊ ချစ်စရာကောင်းတဲ့အတွက် လူချစ်လူခင်ပေါကြပါတယ်။ ပုံစံလေးကလည်း အခြားခွေးတွေနဲ့မတူဘဲ ပုတုတုလေးဖြစ်တဲ့အတွက် မြင်လိုက်တာနဲ့ ချစ်ဖို့ကောင်းနေတာပါ။ အခုလည်း ထိုင်းနိုင်ငံက အဲဒီလိုခွေးအမျိုးအစား ကာတီရာဆိုတဲ့ ခွေးလေးဟာ သူ့ရဲဉာဏ်နီဉာဏ်နက်များတဲ့ အပြုအမူကြောင့် အချစ်ခံနေရပါတယ်။

ကာတီရာဆိုတဲ့ အဲဒီခွေးလေး ဘယ်လောက် ဉာဏ်နီဉာဏ်နက်များလဲဆိုရင် ဇန်နဝါရီ ၁၈ ရက်နေ့က Hale’s Blue Boy အနီရောင်ဖျော်ရည်ပုလင်းနဲ့ ဓားတစ်ချောင်းတို့ကို သုံးပြီး သေနေသလို ဟန်ဆောင်ခဲ့တာပါ။ ဒီအကြောင်းကို Bla Bla-boo Premium Dog Cafe ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ကာတီရာက သူ့သခင်တွေကို ရယ်ရခက်၊ ငိုရခက်ဖြစ်စေခဲ့တာပါ။ ကာတီရာခွေးလေးဟာ ခါတိုင်းနေ့တွေဆိုရင် တစ်နေ့တာဆော့ကစားပျော်ပါးပြီးရင် သူ့အိပ်ခန်းထဲကို တန်းပြန်လေ့ရှိတာပါ။ ဒါပေမဲ့ သူ့သခင်တွေက သူ့ကို ခါတိုင်းနေရာမှာ ရှာမတွေ့ခဲ့တာကြောင့် စိတ်ပူသွားခဲ့ပါတယ်။ အဲဒါနဲ့ သူ့သခင်တွေက ကာတီရာကို ရှာဖို့လုပ်ကြပါတယ်။

သူတို့တွေ မီးဖိုချောင်ထဲဝင်ရှာတော့ အဲဒီမှာ ကာတီရာကို သွေးတွေလိုအနီရောင်အရည်တွေနဲ့ တစ်ကိုယ်လုံးဖုံးနေပြီး မလှုပ်မရပ်ပလက်အနေအထားနဲ့ တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ဘေးမှာလဲ သွေးတွေပေနေသလိုဓားတစ်ချောင်းလည်းရှိနေပါတယ်။ အစကတော့ သူ့သခင်တွေက အထိတ်တလန့်ဖြစ်သွားခဲ့ရပေမဲ့ သူ့ရဲ့ဘေးမှာရှိနေတဲ့ Hale’s Blue Boy အနီရောင်ဖျော်ရည်ပုလင်းကို တွေ့လိုက်မှပဲ ကာတီရာတော့ ဟန်ဆောင်နေပြီဆိုတာ သိလိုက်ရတော့တာပါပဲ။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း အနီရောင်ဖျော်ရည်တွေပေနေတဲ့ ကာတီရာရဲ့ပုံတွေကို မြင်တော့ အထိတ်တလန့်ဖြစ်သွားခဲ့ကြပါသေးတယ်။ ဟန်ဆောင်ထားမှန်းသိတော့မှာပဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။ ခွေးတွေက လူသားတွေကို ပျော်ရွှင်အောင်လုပ်ပြီး အဖော်ပြုပေးတတ်ကြပါတယ်။ အဲဒါကြောင့် လူတော်တော်များများကလည်း သူ့ရဲ့အဖော်အဖြစ် မွေးထားကြတာပါ။ ကာတီရာလို ခွေးလေးပိုင်ဆိုင်ထားတဲ့သခင်ကတော့ အထိတ်တလန့်ဖြစ်ရပေမဲ့လည်း ပျော်ရွှင်ရယ်မောနေရမှာတော့ အမှန်ပါပဲ။
Ref: Thesmartlocalthailand “Dramatic Doggo Stages His Own Death For Attention, Complete With “Blood” And Murder Weapon”
WL (ရိုးရာလေး)