ကိုဗစ်ရယ်၊ ရွေးကောက်ပွဲရယ် . . . စိုးရိမ်နေသူတွေရယ်

21-9-2002-yyl-014.jpg

” ပြည်သူတွေရဲ့ ထောက်ခံမှုထက် ပိုအရေးကြီးတာကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးပါ” လို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၅ ရက် ပြည်သူသို့ ပန်ကြားချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၈ ရက်၊ ၈ နာရီအချိန် ကော့မှူးမြို့နယ်မှာ အောင်နိုင်ရေးဆိုင်းဘုတ်ထောင်မယ့်အကြောင်း ပြောကြားချိန်မှာ အခုလို ပြောခဲ့တာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းက စိုးရိမ်စရာအခြေအနေ ဖြစ်ပါတယ်။ ပထမလှိုင်းမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၃၀၀ ကျော်၊ သေဆုံးသူ ၆ ဦးပဲ ရှိခဲ့ပေမဲ့ ဒုတိယလှိုင်းစတင်ပြီး တစ်လနီးပါးအတွင်းမှာပဲ ဓာတ်ခွဲအတည်ပြုလူနာ ၅၀၀၀ ကျော်၊ သေဆုံးသူ ၈၀ ကျော် ရှိခဲ့ပါတယ်။ အစောပိုင်းတုန်းက တစ်ရက်တာ ဓာတ်ခွဲစစ်ဆေးမှုမှာ လူနာ ၁၀၀ လောက် တွေ့ရာကနေ နောက်ပိုင်းမှာ ၂၀၀၊ ၃၀၀ ကနေ ၆၀၀ လောက်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒုတိယလှိုင်း စတင်ချိန်က ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု များပြားခဲ့ပေမဲ့ အခုချိန်မှာတော့ ရန်ကုန်တိုင်းက အဓိကဗဟိုချက် (Epicenter) ဖြစ်လာတာ တွေ့ရပါတယ်။

” ဇနီးနဲ့ စကားများပြီး အဆိပ်သောက်လို့ ဆေးရုံရောက်သူမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ”၊ ” မတော်တဆမှုဖြစ်လို့ ဆေးရုံရောက်လာသူမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ” စတဲ့ သတင်းတွေကို ကြည့်လိုက်ရင် Silent Carrier ( ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူ) တွေ ရှိနေပြီလို့ ယူဆရမှာပါ။ သြဂုတ်လ ၂၀ ရက်ကနေ စက်တင်ဘာလ ၂၀ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု ဂရပ်ကို ကြည့်လိုက်ရင် တဟုန်ထိုး တက်နေတာကို မြင်ရမှာပါ။ လောလောဆယ်အခြေအနေမှာတောင် Positive လူနာတွေကို ထားဖို့ နေရာအခက်အခဲ ဖြစ်လာတဲ့အတွက် ဘောလုံးကွင်းထဲမှာ ယာယီစင်တာတွေ တည်ဆောက်ပြီး ထားနေရတာပါ။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုဗစ်-၁၉ လူနာတွေ ကုသပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအရ ကြည့်ရင်လည်း ကျန်းမာရေးစနစ်မှာ ဝန်နဲ့ အား မမျှတဲ့ အခြေအနေမျိုး ဖြစ်နေပြီလားဆိုတာ စဉ်းစားစရာပါ။ ရောဂါကူးစက်မှုနှုန်းက ဆတိုး(Exponential) တက်နေတာဖြစ်လို့ အတည်ပြုလူနာ ၅၀၀၀ ကျော် ရှိရာကနေ ၂ ဆတက်သွားရင် လက်ရှိကျန်းမာရေးဝန်ထမ်းအင်အားနဲ့ ဘယ်လိုခရီးဆက်မလဲဆိုတာ ပူပန်စရာပါ။

ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ အားလုံးစီစဉ်ပြီးနေပြီဖြစ်လို့ Covid-19 အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကိုရွှေ့ဖို့ ဆန္ဒလုံးဝမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲအစီအစဉ်မှာ အတိအလင်း ပြောခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပါတီတွေကို စက်တင်ဘာလ ၈ ရက်၊ နံနက် ၆ နာရီအချိန်ကနေ နိုဝင်ဘာလ ၆ ရက်၊ ည ၁၂ နာရီအချိန်အထိ မဲဆွယ်စည်းရုံးရေး လှုပ်ရှားခွင့်ပေးထားပါတယ်။ Silent Carrier တွေ ရှိနေပြီလို့ ယူဆနိုင်တဲ့ အနေအထားမှာ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကနေ ရောဂါကူးစက်မှုတွေ မဖြစ်နိုင်ဘူးလား၊ ပါတီတချို့က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပေမဲ့ ရွေးကောက်ပွဲ မရွှေ့ဆိုင်းချင်တဲ့ အကြောင်းရင်းက ဘာလဲဆိုတာ မေးခွန်းတွေလည်း ရှိလာပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ထဲမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံနဲ့ ပိုင်နက်နယ်မြေ ၈ ခုမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ကြပါတယ်။ တောင်ကိုရီးယား၊ ပြင်သစ်၊ ပိုလန်နဲ့ စင်ကာပူနိုင်ငံတွေအပါအဝင် နိုင်ငံ ၅၀ ကျော်မှာတော့ ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင်နဲ့ ရွေးကောက်ပွဲကျင်းပပြီးနောက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု ဂရပ်တွေအရ တောင်ကိုရီးယားနိုင်ငံဟာ ရွေးကောက်ပွဲအပြီးမှာလည်း လူနာသစ် တွေ့ရှိမှု ဆက်လက်ကျဆင်းနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ စင်ကာပူနဲ့ ပိုလန်နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲမတိုင်ခင် လူနာသစ်တွေ့ရှိမှု ကျဆင်းနေရာကနေ ရွေးကောက်ပွဲအပြီးမှာ လူနာသစ်တွေ့ရှိမှု ပြန်တက်လာတာ တွေ့ရပါတယ်။ (အဲဒီဂရပ်တွေကို https://www.cfr.org/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်)

လူဦးရေ ၅၁ သန်းကျော်ရှိတဲ့ တောင်ကိုရီးယားနိုင်ငံက လူ ၂ သန်းကျော်ကို ရောဂါစစ်ဆေးမှု လုပ်နိုင်ခဲ့ပြီး ထိတွေ့မှုခြေရာခံစောင့်ကြည့်ခြင်း (Contact Tracing) ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လို့ ကိုဗစ်-၁၉ ကို ထိန်းချုပ်ရာမှာ စံနမူနာအဖြစ် ချီးကျူးခံခဲ့ရတဲ့နိုင်ငံပါ။ လူတစ်သန်းမှာ ၄၃၄၂၃ ယောက်နှုန်းအထိ ရောဂါစစ်ဆေးမှု လုပ်နိုင်ခဲ့ပြီး အခုအချိန်မှာ ကုသမှုခံယူနေရသူ (Active Case) ၂၄၃၄ ယောက်ပဲ ရှိပါတယ်။ လူဦးရေ ၅.၈ သန်းရှိတဲ့ စင်ကာပူနိုင်ငံကလည်း လူ ၂.၄ သန်းကို ရောဂါစစ်ဆေးမှုလုပ်နိုင်ခဲ့ပြီး အဲဒီပမာဏအရ လူတစ်သန်းမှာ ၄၂၆၀၀၀ ကျော်ကို ရောဂါစစ်ဆေးပေးနိုင်တဲ့နှုန်းပါ။ စင်ကာပူနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ ၅၇၀၀၀ ကျော် ရှိခဲ့ပေမဲ့ ကုသမှုခံယူနေရသူ (Active Case) ၃၈၉ ယောက်ပဲ ရှိပါတယ်။ သိပ်မကြာသေးခင်က ရွေးကောက်ပွဲလုပ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံဆိုရင်လည်း ကုသမှုခံယူနေရသူ (Active Case) ၂၀၀ လောက်ပဲ ရှိတော့ချိန်မှာ ရွေးကောက်ပွဲလုပ်ခဲ့တာပါ။ ဆိုလိုတဲ့သဘောက ဒီနိုင်ငံတွေဟာ ကိုဗစ်-၁၉ လူနာသစ် တွေ့ရှိမှု အရှိန်တန့်နေတဲ့အချိန် (သို့မဟုတ်) ကျဆင်းနေတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်ခဲ့တယ်ဆိုတာပါပဲ။

လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူ ၂၁၂၀၀၀ ကျော်ကိုပဲ ရောဂါစစ်ဆေးမှု လုပ်နိုင်ခဲ့ပြီး အဲဒီပမာဏက လူတစ်သန်းမှာ ၃၉၀၆ ယောက်ပဲ ရောဂါစစ်ဆေးပေးနိုင်တဲ့ နှုန်းထားဖြစ်ပါတယ်။ စစ်ဆေးမှုတွေသာ ဒီထက်ပိုလုပ်ရင် လူနာသစ်တွေ ဒီထက် ပိုတွေ့လာနိုင်တယ်ဆိုတဲ့အချက်ကလည်း ငြင်းမရနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ လူနာသစ်တွေ့ရှိမှု ဂရပ်မျဉ်းအရလည်း လူနာသစ်တွေ့ရှိမှုက တက်ရိပ်ပြနေပြီး ရုတ်တရက်ရပ်တန့်သွားမယ့် အလားအလာမရှိသေးပါဘူး။ ဒီလိုအခြေအနေမှာ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပြီး ထိတွေ့မှုတွေကို ရှောင်ကြဉ်ဖို့၊ လျှော့ချဖို့ လုပ်ဆောင်ရမှာပါ။ တစ်ဖက်မှာက Stay Home လို့ ပြောနေပေမဲ့ တစ်ဖက်မှာ ပျော်ပျော်ပါးပါး မဲဆွယ်လှုပ်ရှားနေတာတွေက ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသလိုပါပဲ။ အများပြည်သူ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေက ရှိသမျှအားနဲ့ ရွက်ကုန်ဖွင့်၊ တက်ကုန်လှော်နေရတဲ့အချိန်မျိုးမှာ သူတို့အတွက် နောက်ထပ်ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်အရာတွေကို ဖယ်ရှားပေးကြဖို့ လိုအပ်ပါတယ်။ နောက်ထပ်ဝန်ထုပ်ဝန်ပိုးတွေ မပေးကြပါနဲ့လို့ မေတ္တာရပ်ခံရင်းသာ အဆုံးသတ်ပါရစေ။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top