နှစ်ဟောင်းမှာ အညစ်ဟောင်းတွေ ထားရစ်ခဲ့ပါ

Old-year-1.jpg

မြန်မာ့နှစ်သစ်ကူးကာလဖြစ်သည့် ယခုအချိန်တွင် ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်အတွင်း ချဉ်းနင်း ဝင်ရောက်ခဲ့ပြီဖြစ်သည်။ နှစ်ဟောင်း ကုန်လွန်ပြီး နှစ်သစ် ကူးပြောင်းချိန်တွင် ကုမ္ပဏီများ၊ လုပ်ငန်းစုများက တစ်နှစ်တာအတွက် နှစ်ချုပ်စာရင်းမှာပြုစုပြီး ငွေကြေး အရှုံး၊ အမြတ် တွက်ချက်တတ်ကြသည်။ လူတစ်ဦးချင်းစီအတွက်လည်း ဘဝ တစ်နှစ်တာ ဖြတ်သန်းမှုကို စာရင်းချုပ်ပြီး သုံးသပ်မှုလုပ်ရန် လိုအပ်သည်။ သို့သော် ကုမ္ပဏီများကဲ့သို့ ငွေကြေးစာရင်းချုပ်ခြင်းမဟုတ်၊ တစ်နှစ်ကြာ ကြုံခဲ့သမျှ အဆိုး၊ အကောင်းများကို အကျိုး၊ အကြောင်း သုံးသပ်ပြီး စာရင်းချုပ်ခြင်း ဖြစ်သည်။

တစ်နှစ်တာကြုံခဲ့သမျှ အားနည်းခြင်း၊ အားသာချက်များကို ပြန်သုံးသပ်ရမည်။ တစ်နှစ်တာ ကာလအတွင်း ရိုးဖြောင့်မှု၊ မေတ္တာတရား၊ ကိုယ်ချင်းစာနာတတ်မှု စသည့် နှလုံးရည်များကို စာမေးပွဲစစ်လျှင် အောင်မှတ် ရနိုင်၊ မရနိုင်၊ ဂုဏ်ထူးထွက်နိုင်၊ မထွက်နိုင် ဆန်းစစ်ရန်လိုသည်။ လောကဓံကို ရင်ဆိုင်ခဲ့ရာတွင် ခံနိုင်ရည်ရှိ၊ မရှိ၊ တုံ့ပြန်ပုံ မှန်၊ မမှန် စသည့်အချက်များကိုလည်း ပြန်လည်ဆဝါးသင့်သည်။

နှစ်သစ်ကူး အားလပ်ရက်သည် တစ်နှစ်တာကာလ ကြုံရဆုံရကိစ္စများကို ပြန်လည်သုံးသပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စများကို အဝေးကြည့်ပြကွက်ဖြင့် အေးဆေးတည်ငြိမ်စွာ ပြန်ကြည့်ရန် အခွင့်အရေး ဖန်နေခြင်းကြောင့် ဖြစ်သည်။ ယင်းကဲ့သို့ ပြန်လှန်သုံးသပ်ရာတွင် ဓမ္မဓိဌာန်ကျရန် လိုသည်။

သွေးပူနေချိန် ဆုံးဖြတ်ခဲ့သည့်ကိစ္စများကို သွေးအေးအေးဖြင့် ပြန်စဉ်းစားကြည့်ပါက အဖြေနောက်တစ်မျိုး ထွက်နေတတ်တာမျိုး ကြုံရတတ်သည်။ ”ငါသာ သွေးမပူခဲ့ရင်၊ သွေးမဆူခဲ့ရင် ဒီလိုလုပ်မိမှာ မဟုတ်ဘူး” ဆိုသည့် နောင်တမျိုးရတတ်သည်။ နှစ်ဟောင်းတွင် ကြုံခဲ့ရသည့် မိမိ၏ အားနည်းချက်၊ ချွတ်ယွင်းချက်၊ စိတ် အညစ်အကြေးများကို ပိုင်းခြား သိမြင်နိုင်ခြင်းသည် အမြတ်ဖြစ်၏။

သို့မှသာ ဆိုးညစ်မှု အဟောင်းများကို နှစ်ဟောင်းတွင် ထားရစ်ခဲ့နိုင်မည် ဖြစ်သည်။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ် တည်ဆောက်နိုင်မည် ဖြစ်သည်။ ရိုးရာလေး ပရိသတ်များလည်း နှစ်ဟောင်းမှာ ဆိုးညစ်မှု အဟောင်းများကို ထားရစ်ပြီး နှစ်သစ်တွင် စိတ်သစ်၊ လူသစ်နှင့် သစ်လွင်သည့်အနာဂတ်ထံ ခရီးဆက်နိုင်ပါစေကြောင်း ဆုတောင်းရင်း အဆုံးသတ်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top