ကျောင်းသား/သူတွေ ပြည့်နေတဲ့ အလုံပိတ် စာသင်ခန်းထဲမှာ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့သွားတာကို ၁၁ နှစ်အရွယ် ကျောင်းသူလေး ရှိုကန်ဘီက သတိထားမိခဲ့ပါတယ်။ လူကြီးတွေ သတိမမူမိတဲ့အချက်ကို ရှိုကန်ဘီက တွေ့ရှိခဲ့တာပါ။
ဒီပြဿနာကို ဖြေရှင်းဖို့ သူက လေ့လာမှုတွေ လုပ်တယ်။ အခန်းတွင်း လေထုအရည်အသွေးနဲ့ဆိုင်တဲ့ အချက်တွေကို အွန်လိုင်းကနေ ရှာဖတ်ရင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခန်းတွင်း လေထုအရည်အသွေး ကောင်းမွန်စေဖို့ အင်ဂျင်နီယာ ၂ ဦး ပူးတွဲဖန်တီးခဲ့တဲ့ Corsi-Rosenthal Box လေသန့်စက်ကို တွေ့သွားတယ်။
လေစစ်ဇကာ ၄ ခု (သို့မဟုတ်) ၅ ခုကို ပုံးပုံသဏ္ဍာန် နေရာချပြီး အပေါ်ကနေ ပန်ကာထည့်ထားတဲ့ ဒီစနစ်က ကုန်ကျစရိတ် နည်းပါးသလို တပ်ဆင်ရတာလည်း ရိုးရှင်းလွယ်ကူပါတယ်။ ဒေါ်လာ ၆၀ လောက်ပဲ ကုန်ကျပြီး မိနစ် ၃၀ အတွင်း အပြီးသတ် တပ်ဆင်နိုင်ပါတယ်။ ရှိုကန်ဘီက UConn’s Indoor Air Quality Initiative ရဲ့ ဒါရိုက်တာ မာရီနာခရိဒ်ထံကို စာရေးဆက်သွယ်ခဲ့ပြီး ဒီစနစ်ရဲ့ လုပ်ဆောင်မှု အခြေခံအချက်အလက်တွေကို တောင်းကြည့်ခဲ့ပါသေးတယ်။
နောက်တော့ ကွန်နက်တီကပ်ပြည်နယ် Commodore MacDonough STEM အကယ်ဒမီမှာ ဒီလေသန့်စက်ကို တပ်ဆင်ပြီး ရလဒ်တွေကို တိုင်းတာစစ်ဆေးတဲ့အခါ အံ့အားသင့်စရာ ဖြစ်နေတာ တွေ့ရှိခဲ့ပါတယ်။ ဒီလေသန့်စက်ကြောင့် လေထဲမှ ဗိုင်းရပ်စ်အများစုကို ဖယ်ရှားပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့တာပါ။
ရှိုကန်ဘီဟာ သူ့ရဲ့စာသင်ခန်းထဲမှာ လေသန့်စက် တပ်ဆင်နိုင်ရုံနဲ့တင် အားမရသေးဘဲ ကွန်နက်တီကပ်ပြည်နယ်က စာသင်ကျောင်း အခန်းတိုင်းမှာ ဒီလေသန့်စက်တွေ တပ်ဆင်ခွင့်ရအောင် ဟောပြော တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာတော့ ကွန်နက်တီကပ်ပြည်နယ် ကော်မရှင်က ပြည်နယ်တစ်ဝန်းမှာရှိတဲ့ စာသင်ကျောင်းတိုင်းမှာ လေ့သန့်စက်တွေ တပ်ဆင်ဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁.၅ သန်း ပေးအပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
အတန်းဖော်တွေ မကြာခဏ နာမကျန်းဖြစ်နေတာကို လက်မခံနိုင်ဘဲ စူးစမ်းဆင်ခြင်ဉာဏ်ရှိတဲ့ ကလေးငယ်တစ်ယောက်က လူကြီးတွေ သတိမမူမိတဲ့ အချက်တစ်ခုကို ရှာဖွေပြီး စာသင်ခန်းတွေရဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့တာပါ။
Ref: Eniola Shokunbi
NZ (ရိုးရာလေး)

