မွေးပြီး ၃ နာရီအကြာမှာ ကျည်ဆန် ၂ တောင့် ထိမှန်ခဲ့ပေမဲ့ အသက်ရှင်ခဲ့တဲ့ အမီနာ

20-5-2020-yyl-017.jpg

အမီနာကို မွေးပြီး ၃ နာရီအကြာမှာပဲ ကဘူးလ်မြို့ ဆေးရုံရဲ့ သားဖွားဆောင်ကို သေနတ်သမားတွေက ဝင်ပစ်တယ်။ လူ့ပြည်ကို ရောက်တာ နာရီပိုင်းပဲ ရှိသေးတဲ့ အမီနာကိုရော၊ သူ့အမေ နာဇီယာကိုရော ကျည်ဆန်တွေ လာမှန်တယ်။ နာဇီယာကတော့ ပွဲချင်းပြီး သေသွားတယ်။ အမီနာကတော့ ကျည်ဆန် ၂ တောင့် ထိခဲ့ပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ ကျည်ဆန်တစ်တောင့်ကြောင့် သူ့ရဲ့ညာဘက်ခြေထောက်က အပိုင်းပိုင်းဖြစ်သွားလို့ ခွဲစိတ်ကုသမှုလုပ်ခဲ့ရတယ်။ သူ့အမေကို သဂြိုဟ်တဲ့နေ့မှာပဲ သူလည်း ခွဲခန်းဝင်ရတယ်။ သူ့အဖေကတော့ မိန်းမနာရေးကအပြန် ဆေးရုံဝင်ပြီး သမီးရဲ့ အခြေအနေကို ရင်တမမ စောင့်ကြည့်ခဲ့ရတာပေါ့။ ဆရာဝန်တွေက အမီနာရဲ့ ခြေထောက်ကို ပြန်ဆက်ပေးထားလို့ သူကြီးလာရင်တော့ လမ်းလျှောက်နိုင်လိမ့်မယ်။

မေလ ၁၂ ရက်မှာ သေနတ်သမား ၃ ယောက်က ရဲဝတ်စုံတွေဝတ်ပြီး ဒါရှက်အီဘာချီဆေးရုံရဲ့ သားဖွားဆောင်ထဲ ဝင်ပစ်သွားလို့ အမီနာရဲ့အမေ အပါအဝင် လူ ၂၄ ယောက် သေခဲ့တယ်။ သေတဲ့သူတွေထဲမှာ မိခင်တွေရော၊ မွေးကင်းစကလေးတွေရော ပါတယ်။ အမီနာကတော့ အသက်ရှင်လွတ်မြောက်လာသူတွေထဲမှာ အသက်အငယ်ဆုံးကလေးတစ်ယောက်ပါ။ သေနတ်သမားတွေနဲ့ လုံခြုံရေးတွေ ၅ နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ သေနတ်သမားတွေကို အသေဖမ်းဆီးနိုင်ခဲ့တယ်။ တစ်ကမ္ဘာလုံးက ရှုတ်ချကြတဲ့ ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်မပြောသေးဘူး။ ဒါပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်ညှိနှိုင်းဆောင်ရွက်ရေးမှူးကတော့ IS ရဲ့ လက်ချက်လို့ ဆိုတယ်။

Ref : Unilad “Newborn Baby Survives After Being Shot Twice In Tragic Maternity Ward Massacre”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top