၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က သေဆုံးသူ ၁၅၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၉၆ ဦး ရှိစေခဲ့တဲ့ အီထယ်ဝန်လူအုပ်ပြိုမှုဖြစ်ရပ်ဆိုးကြီးကို မှတ်မိကြမယ်ထင်ပါတယ်။ အဲ့ဒီမတော်တဆမှုအတွင်း လူတွေကို ကယ်ဆယ်ဖို့ စေလွှတ်ခံရတဲ့တောင်ကိုရီးယားမီးသတ်သမားကို ပျောက်ဆုံးပြီး ၁၀ ရက်အကြာ ဩဂုတ် ၂၀ မှာ သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ်။ သူ့ကို Siheung မြို့က Geumi-dong ဒေသမှာ တွေ့ရှိခဲ့တာပါ။ သူ သေဆုံးရခြင်းအကြောင်းအရင်းကို ရဲတွေက ဆက်လက်စုံစမ်းသွားမှာဖြစ်ပါတယ်။
အင်ချွန်းက အသက် ၃၄ နှစ်အရွယ် မီးသတ်သမား ( A လို့သာဖော်ပြထား) ဟာ ဩဂုတ်လ ၁၀ ရက်နေ့ကတည်း ပျောက်ဆုံးနေတာ ၁ ပတ်ကျော်ပါပြီ။ A ဟာ “ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေကို တောင်းပန်ပါတယ်” ဆိုတဲ့ စာကို ချန်ထားခဲ့ပြီးတော့ ပျောက်ဆုံးနေတယ်လို့ အင်ချွန်းမီးသတ်ဌာနချုပ်အရ သိရပါတယ်။

A ဟာ အီထယ်ဝန်လူအုပ်ပြိုမှုကြောင့် စိတ်ကျရောဂါခံစားခဲ့ရပြီး ဆေးကုသမှုခံယူထားရတာပါ။ “အီထယ်ဝန်လူအုပ်ပြိုတဲ့နေရာမှာ ကျွန်တော် ရှိနေတယ်ဆိုတာသိရတော့ ကျွန်တော့်မိဘတွေ စိတ်ပူခဲ့ရတယ်။ သေဆုံးသွားခဲ့ရတဲ့သူတွေရဲ့မိဘတွေဆို ဘယ်လောက်တောင် နာကျင်ခံစားနေခဲ့ရမလဲ။ ဒါ တကယ်အစစ်အမှန်မဟုတ်ဘူးဆိုရင် ကောင်းမယ်လို့ ကျွန်တော် တွေးခဲ့တယ်” လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။
A ကို ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၂ နာရီခွဲဝန်းကျင်လောက်က Nam Incheon တိုးဂိတ်ကို ဖြတ်သွားတာ နောက်ဆုံးမြင်တွေ့ခဲ့ရတယ်။ တိုးဂိတ်ဖြတ်ပြီးနောက် ကားကို လမ်းညာဘက်မှာ ရပ်ထားခဲ့ပြီး ပျောက်သွားခဲ့တယ်။ သူဟာ အနက်ရောင်ဝတ်စုံနဲ့ အဖြူရောင်ဖိနပ်တို့ကို ဝတ်ဆင်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။
A ရဲ့ဖုန်းတည်နေရာက နမ်ဒေါင်းခရိုင်က တိုက်ခန်းတစ်ခုအနီးမှာ နောက်ဆုံးခြေရာခံမိထားပါတယ်။ သူ့ရဲ့မိသားစုတွေက သူ့ကို ရှာတွေ့ဖို့ မျှော်လင့်ချက်နဲ့ အွန်လိုင်းမှာရော အပြင်မှာပါ လက်ကမ်းလူပျောက်ကြော်ငြာတွေ ဖြန့်ဝေထားပါတယ်။ အာဏာပိုင်တွေကလည်း ရှာဖွေမှုတွေလုပ်ဆောင်ပေးနေခဲ့တာပါ။
Ref: Firefighter Diagnosed With Depression After 2022 Itaewon Crowd Crush Tragedy Reported Missing
WL (ရိုးရာလေး)

