တောမီးငြိမ်းသတ်ရာမှာ မီးသတ်သမားတွေအဖြစ် အတူပါဝင်ခဲ့တဲ့ သားအမိ

9-27-2022-yyl-18.jpg

မီးသတ်သမားအဖြစ် စလုပ်ခါစ ကောင်မလေးဟာ အခုလအစောပိုင်းမှာ တောမီးငြိမ်းသတ်ရင်း သူ့အမေကလည်း သူ့နဲ့အတူ တောမီးငြိမ်းသတ်နေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အံ့အားသင့်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်ကမှ အထက်တန်းအောင်ခဲ့တဲ့ ကေတီ ဂျို ဘီနစ်ဇ်ဆိုတဲ့ အဲဒီကောင်မလေးက Yakima Fire Department ရဲ့ သင်တန်းသားအသစ်တွေထဲကတစ်ယောက်ပါ။

၂၀၁၀ခုနှစ်က သူ့ရဲ့ဌာနမှာ ပထမဆုံးအမျိုးသမီးမီးသတ်သမားဖြစ်လာခဲ့တဲ့ သူ့အမေ ကပ္ပတိန် ဘွန်နီ ရိုဂျာကြောင့် အမျိုးသားတွေကြီးစိုးတဲ့ မီးသတ်နယ်ပယ်ထဲ ဝင်ရောက်ချင်ခဲ့တာပါ။ သူ့အမေက သူ့အတွက် အတုယူစရာဖြစ်ခဲ့သလိုပဲ အဲဒီနယ်ပယ်ကို စိတ်ဝင်စားတဲ့အခြားမိန်းကလေးတွေအတွက် အတုယူစရာဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ ကေတီက ပြောပါတယ်။

မီးသတ်ဌာနထဲ ဝင်ရောက်မယ့် ကေတီရဲ့ဆုံးဖြတ်ချက်က သူ့အမေအတွက် အံ့ဩစရာတော့မဟုတ်ခဲ့ပါဘူး။ မီးသတ်ဌာနထဲ ကေတီဝင်ရောက်ချင်တယ်ဆိုတာကို သူ့အမေက သိနေလို့ပါပဲ။ နောက်ဆုံးတော့ ကေတီတို့သားအမိဟာ ဩဂုတ်လက ပထမဆုံးအကြိမ်အဖြစ် မီးငြိမ်းသတ်တဲ့နေရာမှာ တွေ့ဆုံမိခဲ့ကြပါတယ်။ Cow Canyon တောမီးကို ကူညီငြိမ်းသတ်ပေးဖို့ သူ့အမေ ဘွန်နီကို ခေါ်လိုက်တဲ့အချိန်မှာ သူ့အမေနဲ့ ဆုံမိခဲ့တာပါ။

အရင်တုန်းက သူတို့သားအမိဟာ မီးငြိမ်းသတ်တဲ့အခါ အတူတူမကြုံကြိုက်မိကြပါဘူး။ ဒီတစ်ခါမှာတော့ သူတို့သားအမိနှစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံမိပြီး အတူတူမီးငြိမ်းသတ်ခွင့်ရခဲ့ပါတယ်။ ဘွန်နီက ဘေးအန္တရာယ်ကင်းရှင်းရေးအရာရှိအဖြစ် အလုပ်လုပ်နေခဲ့ပြီး အခြားမီးလောင်တဲ့နေရာကို တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ Cow Canyon တောမီးနေရာကို ကူညီဖို့ တောင်းဆိုလို့ လာခဲ့တာပါ။ မီးလောင်တဲ့နေရာကို စစ်ဆေးနေတဲ့အချိန် ရင်းနှီးတဲ့ရယ်သံကို ကြားလိုက်တဲ့အတွက် သူ့သမီးကေတီဆိုတာ ချက်ချင်း သိလိုက်ပါတယ်။

ကေတီနဲ့ဘွန်နီတို့ အချင်းချင်းတွေ့ဆုံမိပြီးတဲ့နောက်မှာ ဓာတ်ပုံအတူတူရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းက သားအမိနှစ်ယောက်တွေ့ဆုံမိတဲ့အကြောင်းက သတင်းဌာနတော်တော်များများမှာ ဖော်ပြခံခဲ့ရပါတယ်။ အမျိုးသမီးတွေကို မီးသတ်သမားတွေဖြစ်လာဖို့အတွက် လှုံ့ဆော်မှုဖြစ်မယ်လို့ ကေတီနဲ့ဘွန်နီတို့သားအမိက မျှော်လင့်နေပါတယ်။

Ref: ABCNews “Mother-daughter firefighters team up to battle wildfire”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top