ရေစီးဖောင်ဆန် စကားပြောနည်း

sgk_large.jpg

စကားပြောဆိုနည်းအကြောင်းကိုမသွားခင်မှာ ထုံးစံအတိုင်း ပုံပြင်လေးတစ်ပုဒ်က စ လိုက်ရအောင်။ ဒီတစ်ခေါက်က ပုံပြင်ဆိုတာထက် ဟံသာဝတီပြည်၊ ရာဇဓိရာဇ်မင်း လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုလို့ မှတ်သားရပါတယ်။

ဘုရင်ရာဇာဓိရာဇ်လက်ထက်မှာ ထိုင်း (ဒွာရာဝတီ) ဘုရင်က စစ်သည်တွေနဲ့ တနင်္သာရီတိုင်းကို ချီတက်လာခဲ့ပါတယ်။ စစ်မက်ဖြစ်ပွားနိုင်တဲ့ အထိ အခြေအနေတွေ တင်းမာနေတာမို့ ရာဇာဓိရာဇ်က စကားအပြောအဆိုမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ သံတမန်တစ်ယောက်ကို ချိပ်တံဆိပ်ပါတဲ့ ရွှေပေစာနဲ့ အတူ ထိုင်းဘုရင်ဆီ စေလွှတ်လိုက်တာပါတယ်။ ပေစာကို ထိုင်းမင်း ကြည့်တဲ့အခါမှာ အခုလို တွေ့ရပါတယ်။

“ အဆွေတော် … ဒွာရာဝတီမင်း … မြိတ်၊ တနင်္သာရီနယ်များသည် အဆွေတော်၏ လက်နက်နိုင်ငံ ဖြစ်ပေသည်။ ရေး၊ ဝါးခရု၊ ဓားကျိုင်း၊ ကလိန်အောင်စု တို့သည် ဟံသာဝတီ၏ လက်နက်နိုင်ငံ ဖြစ်ပေသည်”

စာရဲ့ သဘောတရားကတော့ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ခွဲခြားသတ်မှတ်ထားတာမို့ အငြင်းပွားစရာ၊ စစ်မက်ဖြစ်ပွားစရာ မလိုဘူး ဆိုတာပါပဲ။ အဲဒီအပိုင်းကို ထိုင်းဘုရင်က သဘောတူတယ်။ ဒါပေမဲ့ သူ သဘောမကျတာက “ အဆွေတော် “ ဆိုတဲ့ စကား အသုံးအနှုန်းကိုပါ။ ထိုင်းဘုရင်ရဲ့ ရာဇမာန်ကြောင့် “အဆွေတော်” လို့ ခေါ်တာဟာ တလေးတစားမရှိတဲ့ ပုံစံပေါက်နေပါတယ်။ ဒါကြောင့် ဟံသာဝတီမင်းရဲ့ သံတမန်တွေကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းခိုင်းပါတယ်။ မဖြေနိုင်ရင် သံအမတ်ကို ဆီပူအိုးကင်းထဲ နှစ်ပြီး အရှင်လတ်လတ် ကြော်သတ်ပစ်မယ်လို့ ဆိုပါတယ်။

အဲဒီမှာ ဟံသာဝတီသံအမတ်က အခုလို ဆိုပါတယ်။ “ ရှေးရှေးက ပွင့်တော်မူပြီးတဲ့ ဘုရားရှင်တွေဟာ ဘုရားအဖြစ်ကို ရောက်ရှိပြီးပြီဆိုရင် ဆွေတော်မျိုးတော်တွေကို ညီတော်နောင်တော်လို့ ခေါ်ဆိုရိုးထုံးစံမရှိပါဘူး။ ဘုရားအဖြစ်ရောက်ရှိပြီးတဲ့ ဘုရားရှင်အချင်းချင်းကိုသာ ညီတော်နောင်တော်ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ရဟန်းတော်တွေဟာလည်း ရဟန်းအချင်းချင်းကိုသာ ညီတော်နောင်တော် ခေါ်ကြပါတယ်။ လူ့အဖြစ်တုန်းက တော်စပ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေကို ညီတော်နောင်တော်လို့ ခေါ်ရိုးမရှိပါဘူး။ အဲဒီအတိုင်းပါပဲ။ တိုင်းပြည်ကို အစိုးရတဲ့ မင်းတွေဟာလည်း ထီးနန်းမစိုးစံရသေးတဲ့ ဆွေမျိုးတွေကို “အဆွေတော်၊ အကြည်တော် “ စသည်ဖြင့် ခေါ်ဆို သုံးနှုန်းပြီး ရွှေပေလွှာပေးပို့တာတွေ မပြုလုပ်ပါဘူး။ ဘုရင်အချင်းချင်းမှသာ ဒီလိုမျိုး ဆက်ဆံသုံးနှုန်းတာ ဖြစ်ပါတယ်“ လို့ ထိုင်းဘုရင်ဆီ လျှောက်တင်လိုက်တဲ့အခါမှာတော့ ထိုင်းဘုရင်ဒွါရာဝတီမင်းရဲ့ ပညာရှိအမတ်တွေကလည်း သင့်တော်ကြောင်း ဝိုင်းဝန်းထောက်ခံကြပါသတဲ့။ အဲဒါနဲ့ပဲ ထိုင်းဘုရင်လည်း စိတ်ကျေနပ်သွားပြီး မြန်မာသံတမန်အဖွဲ့ကို ဆုလာဘ်တွေချီးမြှင့်ပြီး ပြန်လွှတ်လိုက်ပါသတဲ့။

ချစ်ခင်ရတဲ့ ရိုးရာလေးမိတ်ဆွေတို့ရေ …

ကိုယ် ဆန့်ကျင်ပြောဆိုရမယ့်သူက ကိုယ့်ထက် ဩဇာအာဏာကြီးမားနေတဲ့အခါမှာ နှုတ်လှန်ထိုးတဲ့သဘောမျိုး မသက်ရောက်စေဘဲ ကိုယ့်စကားကို နားဝင်အောင်ပြောဆိုဖို့ဆိုရင် ဥပမာတွေနဲ့ သိုင်းဝိုင်းချဲ့ထွင်ပြောဆိုတဲ့ ရေစီးဖောင်ဆန် စကားပြောဆိုနည်းက အသုံးဝင်တယ်လို့ ယူဆရပါတယ်။ “ရေစီးဖောင်ဆန်” လို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ ရှေးရှေးတုန်းက ဖောင်တွေနဲ့ မြစ်ညာကိုဆန်တက်ပြီး ကုန်သွယ်တဲ့အခါမှာ လမ်းက ဆိပ်ကမ်းတွေမှာဝင်ပြီး လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုပါ တင်ဆောင်ပြီးသွားသလိုမျိုး ကိုယ်ပြောချင်တဲ့ စကားအရာရောက်ဖို့အတွက် ဥပမာတွေသုံးပြီးပြောဆိုတဲ့ စကားပြောဆိုနည်းဖြစ်လို့ပါပဲ။

စကားကြီးဆယ်မျိုးကို အပတ်စဉ်တင်ဆက်ပေးလျက် ရှိနေပါတယ်ခင်ဗျာ။

ကိုးကား ။ ။ စကားပုံအလင်းပြကျမ်း (ကြည်ဦး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top