လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖဝါးအောက်

proverb_large.png

ချစ်ခင်ရတဲ့ ရိုးရာလေးမိတ်ဆွေတို့ရေ …အသေအချာ စဉ်းစားကြည့်ရင် လူသားတွေရဲ့ စွမ်းဆောင်ရည်ဟာ သမိုင်းကြောင်းတလျှောက်မှာ အံ့ဩစရာကောင်းလောက်အောင် ပြောင်ပြောင်မြောက်မြောက် ရှိခဲ့တာကို တွေ့ရပါလိမ့်မယ်။

တစ်နေ့မှာ လူတွေက ငှက်တွေလို လေထဲမှာ ခရီးသွားနိုင်ကြလိမ့်မယ်လို့ ဟိုးကမ္ဘာဦးက လူတွေက ထင်ခဲ့မိမှာမဟုတ်ဘူး။ ဒါပေမဲ့ လေယာဉ်တွေပေါ်ပေါက်လာတယ်။ အဲဒီလိုပဲ သင်္ဘောတွေ၊ တယ်လီဖုန်းတွေ၊ အရည်အသွေးမြင့် နည်းပညာတွေ ပေါ်လာတယ်။ အရမ်းကြမ်းတမ်းလှပါတယ်ဆိုတဲ့ လှိုင်းကြီးတွေလည်း လူသားတွေရဲ့ လှေတွေ၊ သင်္ဘောတွေရဲ့ အောက်မှာပဲ ရှိလာတယ်။ မြင့်မားလွန်းတယ်ဆိုတဲ့ တောင်တန်းတွေလည်း လူသားတွေရဲ့ ခြေဖဝါးအောက်မှာ ပြားပြားဝပ်လာရတယ်။

မိတ်ဆွေတို့ရေ … လူတိုင်းဟာတော့ တောင်တွေ၊ လှိုင်းတွေကို ဖြတ်သန်းကျော်လွှားနေရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝရဲ့ အခက်အခဲတွေက ကျော်သွားရမယ့်တောင်တန်းတွေလို မားမားမတ်မတ်၊ လှိုင်းလုံးကြီးတွေလို ကြမ်းကြမ်းတမ်းတမ်းတည်ရှိနေတာပဲ မဟုတ်လား။ ဒါတွေကို ဖြတ်သန်းနေရတယ်ဆိုတဲ့ မောဟိုက်ပင်ပန်းမှုတွေ၊ နောက်ထပ်လည်း ကြုံလာရဦးမယ်ဆိုတဲ့ ပူပန်သောကတွေဟာ ကျွန်တော်တို့မှာ ရှိနေကြတာပဲမဟုတ်လား။ ခုလည်း ကြုံနေရတယ်၊ ရှေ့ဆက်လည်း ကြုံရဦးမယ် ဆိုတော့ မထူးခြားတဲ့ အတူတူ လက်လျှော့လိုက်ရတော့မယ် ဆိုတဲ့ အဓိပ္ပာယ်လား။ ဒီလိုတော့ မဟုတ်ပါဘူး။

အရေးအကြီးဆုံးတစ်ချက်က ပြဿနာတွေ၊ အခက်အခဲတွေကို ကျော်လွှားလာပြီးတိုင်း လူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက ပိုပြီးအားကောင်းလာတယ်။ ဂိမ်းတွေမှာ ခက်ခဲတဲ့အခန်းတွေကို ကျော်ဖြတ်ပြီးတိုင်း level (အဆင့်) တက်လာပြီး ပိုခက်ခဲတဲ့အခန်းတွေမှာ ဆော့ကစားရသလိုပဲ ပြဿနာတွေကိုကျော်လွှားရင်း ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးက သိသိသာသာ တိုးတက်လာပါတယ်။ အခုနေအချိန်မှာ အရင်ကကျော်လွှားခဲ့တဲ့ အခက်အခဲလှိုင်းလုံးကြီးတွေ၊ ဒုက္ခတောင်တန်းကြီးတွေကို ပြန်စဉ်းစားရင် ကိုယ်ဒါတွေကို ကျော်ဖြတ်နိုင်လာခဲ့တယ်ဆိုတာ ဂုဏ်ယူစရာတစ်ခုပဲ မဟုတ်လား။ အဲဒီအချိန်တွေမှာဖြတ်သန်းခဲ့သလိုမျိုး အခု ကြုံနေရတာတွေ၊ နောင်ကြုံရဦးမှာတွေဟာ ဇွဲလုံ့လနဲ့၊ခွန်အားနဲ့ ကျော်ဖြတ်သွားရင်လည်း ပြီးမြောက်အောင်မြင်သွားမှာပဲ။ ” လှိုင်းကြီးလှေအောက်၊ တောင်ကြီး ဖဝါးအောက်” ပဲ မဟုတ်လား။

ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top