ခြေတစ်ဖက် ဆုံးရှုံးလိုက်ရပေမယ့် အပြုံးမပျက်ခဲ့တဲ့ သူမ

6-7-2020-yyl-048.jpg

အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးက စာဖတ်ပရိသတ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေရုံသာမက အတုယူဖို့ကောင်းတဲ့ အကြောင်းအရာလည်းဖြစ်မှာပါ။ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပေမယ့် အပြုံးမပျက်ဘဲ ဘဝကို အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ရင်ဆိုင်ရဲတဲ့ အလှမယ်တစ်ဦး အကြောင်းဖြစ်ပါတယ်။ မကြာသေးခင်က ၂၀၁၁ခုနှစ် ကိုလံဘီယာအလှမယ် ဒန်နီရယ်လာ အယ်လ်ဗာရက်ဇ်ဟာ သူ့ရဲ့ဘယ်ဖက် ခြေထောက်ဖြတ်ပစ်ခဲ့တယ်ဆိုတဲ့ ဝမ်းနည်းစရာသတင်းတစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ သူဟာ ခြေထောက်တစ်ဖက် ဆုံးရှုံးရတော့မှာဖြစ်ပေမယ့် ခွဲစိပ်ကုသမှုကို အပြုံးနဲ့ဖြတ်ကျော်ပြီး ကြံ့ခိုင်သန်မာတဲ့ သူဆိုတာကို ပြသခဲ့ပါတယ်။ သူ့ဘဝက အရင်အတိုင်းပြန်မဖြစ်နိုင်တာကို သိပေမယ့် သူက “ဒီကမ္ဘာမှာရှိနေရဖို့၊ ကျွန်မရဲ့ဘဝထဲ ဝင်လာတော့မယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ကြုံတွေ့ရဖို့ ပျော်ရွှင်မိပါတယ်”လို့ သတ္တိရှိစွာနဲ့ ပြောပါတယ်။

ဒန်နီရယ်လာက Miss Universe 2012 ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ကိုလံဘီယာ အလှမယ်ဖြစ်ခဲ့တာပါ။ အလှမယ်ကနေ မော်ဒယ်၊ စီးပွားရေးလုပ်ငန်းရှင်၊ တီဗီအစီအစဉ်တင်ဆက်သူ၊ UNICEF ambassador ဖြစ်လာခဲ့ပါတယ်။ သူဟာ ဖက်ရှင်ဆိုင်တစ်ဆိုင်တောင် ပိုင်ဆိုင်ထားပြီး သူ့ထုတ်ကုန်ပစ္စည်းတွေအတွက် သူ့ကိုယ်တိုင်မော်ဒယ်လုပ်ပြီး ကြေညာခဲ့တာပါ။ အဲဒီလိုဖြစ်လာဖို့အတွက် မျှော်လင့်မထားတဲ့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် မကြာခင်မှာပဲ စံပြမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မကြာသေးခင်ကမှ ဒန်နီရယ်လာဟာ ဝမ်းဗိုက်ထဲက အဖုကို ဖယ်ရှားဖို့အတွက် ခွဲစိပ်ကုသမှု လုပ်ဆောင်ခဲ့ရပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီအဖုက ခြေထောက်ဆီ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေခဲ့ပြီး အဲဒါကြောင့်ပဲ ခြေထောက်ကို ဖြတ်တောက်ကုသမှု ခံယူခဲ့ရပါတယ်။ ခြေထောက်ဖြတ်တောက်ပြီး မကုသဘူးဆိုရင် အနားယူနေတဲ့ အခါမှာတောင် ပြင်းထန်တဲ့နာကျင်မှုကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒန်နီရယ်လာရဲ့ အသက်က (၃၂) နှစ်အရွယ်မှာပဲ ဒီလို ဝမ်းနည်းစရာသတင်းကို လက်ခံရရှိလိုက်တာပါပဲ။

ဒီလိုခက်ခဲတဲ့အချိန်တွေကို ဒန်နီရယ်လာ ကျော်ဖြတ်နေရင်း သူ့မိသားစုက သူ့ကို အားပေးပံ့ပိုးပေးဖို့ ရောက်လာခဲ့ကြပါတယ်။ သူ့ရဲ့ရည်စားဟောင်းကတောင် သူ့ဘေးမှာ ရှိနေပေးခဲ့ပါတယ်။ သူတို့က ဒန်နီရယ်လာရဲ့ ခွန်အားတွေဖြစ်ပြီး သူ ဒါတွေကို ကျော်ဖြတ်နိုင်တာက သူတို့တွေကြောင့်ပါပဲ။ ဒန်နီရယ်လာက အနာဂတ်ကို မျှော်ကြည့်နေပြီး ခြေတုတပ်ဖို့ စီစဉ်နေပါတယ်။ ဒါမှ အရင်တိုင်း ကတာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာတွေ ဆက်ပြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။

ခြေထောက် ဆုံးရှုံးလိုက်ရတာက သူ့ရဲ့အနာဂတ်မှာ အကျိုးသက်ရောက်မှုရှိမယ်ဆိုတာ သူသိပေမယ့် သူ့ဘဝရဲ့ အကောင်းဆုံးအရာတွေ ရောက်လာတော့မယ်လို့ ယုံကြည်ထားပါတယ်။ သူက “ခြေထောက်လား… ကျွန်မ ပျံ့သန်းဖို့ အတောင်ပံတွေရှိရင် အဲဒါတွေကို ဘာလို့လိုအပ်နေမှာလဲ” လို့တောင် ပြောပါတယ်။ ခန္ဓာကိုယ်အသွင်အပြင်က ပြဿနာတစ်ခုလို့ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ကိုလံဘီယာအလှမယ်ဟောင်း ဒန်နီရယ်လာက သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကို ဘယ်လိုမြင်လဲဆိုတာကို “အရင်တုန်းကလိုပဲ ကျွန်မရဲ့လက်ရှိခန္ဓာကိုယ်ကို ချစ်မြတ်နိုးပါတယ်”လို့ ပြောခဲ့ပါတယ်။ အလှမယ်ဒန်နီရယ်လာရဲ့ စကားတွေက လူတိုင်းကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ သူက ခန္ဓာကိုယ် မသန်စွမ်းတော့ပေမယ့် စိတ်ဓာတ်မကျဘဲ လက်ရှိဖြစ်ပျက်နေတာကို အရှိကိုအရှိတိုင်း လက်ခံရင်ဆိုင်ရဲပါတယ်။ ဘယ်သူမှ အရာရာပြီးပြည့်စုံနေကြတာ မဟုတ်ပါဘူး။ စာဖတ်ပရိသတ်တွေလည်း အလှမယ်ဒန်နီရယ်လာဆီကနေ စိတ်ဓာတ်ခွန်အားတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။

Ref: Former Miss Colombia Inspires Us As She Shares Love for Her Body, Despite Losing One Leg

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top