” မိန်းကလေးတွေအတွက် သေစာရှင်စာနဲ့ ဂဏန်းပေါင်းတတ်ရင် တော်ပြီ၊ စာထပ်သင်နေစရာ မလိုဘူး”ဆိုတဲ့ အယူအဆကြောင့် ၁၀ နှစ်အရွယ်မှာပဲ ကျောင်းထွက်ခဲ့ရသူ၊ အဲဒီခေတ်ရဲ့ ခေါက်ရိုးကျိုး အစဉ်အလာကို ခေါင်းငုံ့မခံဘဲ ဖောက်ထွက်ခဲ့သူ . . . . သူကတော့ အီတလီနိုင်ငံ ဆာဒီးနီးယားကျွန်းမှာ မွေးဖွားခဲ့တဲ့ ဂရာဇီယာဒီလက်ဒါပါပဲ။ ၁၈၇၁ ခုနှစ်က နူအိုရိုဆိုတဲ့ တောင်ပေါ်မြို့လေးမှာ သူ့ကို မွေးဖွားခဲ့တယ်။
မိန်းကလေးတွေဟာ အိမ်ထောင်ပြု၊ ကလေးမွေး၊ အိမ်မှုကိစ္စလုပ်ရင်း ဘဝအချိန် ကုန်ဆုံးရမယ်ဆိုတဲ့ အယူအဆစွဲမြဲနေတဲ့ကာလပေါ့။ ၁၀ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပေမဲ့ စာပေ ဝါသနာကြီးတဲ့ ဒီလက်ဒါက မိဘတွေရဲ့ ပံ့ပိုးမှုနဲ့အတူ အိမ်မှာ ဆရာခေါ်သင်ခဲ့တယ်။ နောက်တော့ သူကိုယ်တိုင် လေ့လာဆည်းပူးတယ်။ ဆာဒီးနီးယားကျွန်းပေါ်က ချို့တဲ့နွမ်းပါးတဲ့ တောင်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှု၊ ထွက်ပေါက်မဲ့နေတဲ့ အမျိုးသမီးတွေရဲ့ဘဝကို သူ အလွန် စိတ်ဝင်စားတယ်လေ။ သူ့ဆရာကလည်း သူ့ကို စာရေးဖို့ အားပေးတယ်။

၁၃ နှစ်အရွယ်မှာပဲ ဒီလက်ဒါရဲ့စာမူက ဒေသအခြေစိုက် စာစောင်တစ်ခုမှာ ဖော်ပြခံခဲ့ရတယ်။ နောက်တော့ ဖက်ရှင်မဂ္ဂဇင်းမှာ သူ့စာတွေ ခပ်စိတ်စိတ် ပါလာတယ်။ ၁၉ နှစ်သမီးအရွယ်မှာ သူ့ရဲ့ပထမဆုံးဝတ္တုတိုစာအုပ် Nell’azzurro (Into the Blue) ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။ စာသင်ဖို့ ပံ့ပိုးပေးခဲ့တဲ့မိဘတွေကတောင် ဒီလက်ဒါ စာရေးတာကို သဘောမကျတဲ့ အနေအထား ဖြစ်လာခဲ့တယ်။
ဒီလက်ဒါက အစိုးရဝန်ထမ်းဖြစ်သူ မာဒီဆာနီနဲ့အိမ်ထောင်ကျပြီး သား ၂ ယောက် ထွန်းကားခဲ့ပေမဲ့ စာရေးတဲ့အလုပ်ကို မစွန့်လွှတ်ခဲ့ဘူး။ ၁၉၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Canne al vento (Reeds in the Wind) စာအုပ်ကတော့ ဒီလက်ဒါရဲ့ အကျော်ကြားဆုံးစာအုပ် ဖြစ်ခဲ့တယ်။ ဒီလက်ဒါရဲ့ အရေးအသားတွေက မွေးရပ်မြေပေါ်က လူမှုဘဝအကြောင်း၊ လူမှုဘဝပြဿနာတွေအကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြနိုင်စွမ်းရှိတယ်လို့ မှတ်ချက်ပေးခံခဲ့ရတယ်။ ၁၉၂၆ ခုနှစ်မှာတော့ သူက စာပေနိုဘယ်ဆု ဆွတ်ခူးနိုင်ခဲ့တာပါ။ အီတလီအမျိုးသမီးတွေထဲမှာ ပထမဆုံးနိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
ဒီလက်ဒါက ၁၉၃၆ ခုနှစ်မျာ ကွယ်လွန်ခဲ့တယ်။ မကွယ်လွန်မီအချိန်အထိ စာတွေ ဆက်ရေးခဲ့တယ်။ ဒီနေ့အချိန်မှာတော့ နူအိုရိုမြို့က သူ့အိမ်မှာ ပြတိုက်ဖွင့်လှစ်ထားတယ်။ အီတလီနိုင်ငံရဲ့ စာတိုက်တံဆိပ်ခေါင်းနဲ့ ၅ ယူရို ငွေစက္ကူပေါ်မှာ သူ့ပုံကို ရိုက်နှိပ်ဖော်ပြခြင်း ခံခဲ့ရတယ်။ ခေတ်ကာလထဲမှ လူတွေရဲ့ ထင်မြင်ယူဆချက်တွေက အမျိုးသမီးတွေရဲ့ ပကတိတန်ဖိုးကို မဆုံးဖြတ်ပေးနိုင်ကြောင်း သက်သေပြခဲ့သူတွေထဲမှာ ဒီလက်ဒါလည်း ပါဝင်ခဲ့ပါတယ်။
Ref: Grazia Deledda
NZ (ရိုးရာလေး)

