dating group မှာ သူ့မကောင်းကြောင်းရေးတဲ့ အမျိုးသမီး ၂၇ ယောက်ထံမှ နစ်နာကြေး ဒေါ်လာ ၇၅ သန်း ရလိုကြောင်း ချီကာဂိုအမျိုးသား တရားစွဲ

19.1.24-yyl-5.jpg

ဖေ့ဘွတ်ခ်ရဲ့ dating group တစ်ခုမှာ သူ့မကောင်းကြောင်းတွေ ဖြန့်ခဲ့တယ်ဆိုတဲ့ အမျိုးသမီး ၂၇ ယောက်ထံမှ နစ်နာကြေး ဒေါ်လာ ၇၅ သန်း ရလိုမှုနဲ့ အမေရိကန်အမျိုးသားတစ်ဦးက တရားစွဲထားပါတယ်။ သူနဲ့ ချိန်းတွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတွေက Are We Dating the Same Guy ဆိုတဲ့ ဖေ့ဘွတ်ခ် dating group မှာ သူ့မကောင်းကြောင်းတွေ ရေးသားခဲ့လို့ သူ့ရဲ့ဂုဏ်သတင်း ညိုးနွမ်းထိခိုက်စေတယ်လို့ ချီကာဂိုမြို့မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ဒီအမ်ဘရိုစီယိုက ပြောပါတယ်။

ဒီအမ်ဘရိုစီယိုဟာ သူ လိုချင်တာ မရခင် အမျိုးသမီးတွေနောက် တကောက်ကောက် လိုက်နေတတ်ပေမဲ့ သူ လိုချင်တာရပြီးရင် ပစ်ပစ်ကာကာ လုပ်တတ်သူတစ်ယောက် ဖြစ်တယ်လို့ အမျိုးသမီးတွေက ရေးသားခဲ့ကြတာပါ။ Are We Dating the Same Guy ဆိုတဲ့ ဖေ့ဘွတ်ခ် dating group ဟာ နယူးယော့ခ်မြို့မှာ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ တခြားမြို့ကြီးတွေအထိ ပျံ့နှံ့သွားခဲ့ပြီး အမျိုးသမီးတွေက သူတို့ချိန်းတွေ့တဲ့ အမျိုးသားတွေရဲ့အကြောင်းတွေ ရေးသားရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီဂရုမှာ သူ့ရဲ့ဓာတ်ပုံတွေပါ ပျံ့နှံ့ခဲ့ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေနဲ့ တိုက်ခိုက်ခံခဲ့ရလို့ ကိုယ်စိတ်နှစ်ပါး ထိခိုက်ခဲ့ရပြီး စိုးရိမ်ပူပန်ခဲ့တယ်၊ ဝင်ငွေပါ ထိခိုက်ကျဆင်းခဲ့တယ်လို့ ဒီအမ်ဘရိုစီယိုက ဆိုပါတယ်။ ဒီအမ်ဘရိုစီယိုဟာ သူ့မကောင်းကြောင်း ရေးတဲ့ အမျိုးသမီး ၂၇ ယောက်အပြင် Are We Dating the Same Guy ဖေ့ဘွတ်ခ်ဂရုရဲ့ အက်ဒမင်တွေနဲ့ Meta ကုမ္ပဏီရဲ့ တစ်စိတ်တစ်ဒေသကိုပါ နစ်နာကြေး ရလိုကြောင်း တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Ref:Man Sues Dozens of Women for Giving Him Negative Reviews on Facebook Group

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top