သားသမီး ၅ ဦးကို ပြုစုစောင့်ရှောက်နေခဲ့ရလို့ အသက် ၉၀ ကျမှ ဘွဲ့ရယူနိုင်ခဲ့တဲ့ အဘွားအို

17.12.2024-yyl-6.jpg

အသက် ၉၀ အရွယ် အဘွားအိုဟာ သားသမီးတွေအတွက် ဆယ်စုနှစ်များစွာ စွန့်လွှတ်အနစ်နာခံပြီးနောက် ဘွဲ့ရယူချင်တဲ့ သူ့ရဲ့တစ်သက်တာအိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ အန်နက် ရိုဘာ့ဆိုတဲ့ အဲ့ဒီအဘွားအိုဟာ မကြာသေးခင်ကမှ Southern New Hampshire University ကနေ ဘွဲ့ရခဲ့ပါတယ်။

အခုလို သူ ဘွဲ့ရတာဟာ အိပ်မက်လိုပါပဲတဲ့။ အခုထိ အိပ်မက်ကမ္ဘာထဲမှာ ရှိနေသလိုပဲလို့ အန်နက်က ဆိုထားပါတယ်။ ကလေး ၅ ဦးမိခင်နဲ့ မြေး ၁၂ ဦးအဘွားဖြစ်တဲ့ အန်နက်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က သူ့ရဲ့ဒီပလိုမာဘွဲ့ကို စင်မြင့်ထက်မှာ တက်ယူခဲ့တာပါ။

အန်နက်ဟာ သူ့ခင်ပွန်းဖြစ်သူ အမေရိကန်စစ်တပ်မှာ အမှုထမ်းရင်း သေဆုံးသွားပြီးတဲ့နောက် မကြာမီ ၁၉၇၂ ခုနှစ်မှာ New Hampshire College ကို စတက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ရမှာဖြစ်လို့ သူ့ရဲ့ပညာရေးကို ခေတ္တခဏရပ်နားခဲ့ရပါတယ်။ ဦးစားပေးသင့်တာကို အရင်လုပ်ခဲ့တယ်။ သူ့ပညာရေးအတွက် ကလေးတွေကို အနာနစ်ခံခိုင်းရတာ မမျှတဘူး။ ကလေးတွေက ပထမဦးစားပေးမို့ ပညာသင်တာကို ခဏရပ်ထားပြီး တစ်နေ့နေ့ ပြီးအောင်တက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။

အာမခံအလုပ်နယ်ပယ်မှာ အချိန်အကြာကြီးအသက်မွေးဝမ်းကြောင်းမပြုခင် ကလေးတွေကို အချိန်ပေးစောင့်ရှောက်နိုင်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေလုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ပညာရေးကို ပြန်စတင်ဖို့လုပ်ခဲ့ပေမဲ့ ကျန်းမာရေးပြဿနာတွေကြောင့်ရော ကိုဗစ် ၁၉ ရောဂါကြောင့်ပါ ဆက်လက်မသင်ကြားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လုံလောက်တဲ့ credit တွေရရှိထားရင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတွဲဖက်ဘွဲ့ကို ရရှိနိုင်တယ်ဆိုတာ သမီးဖြစ်သူရဲ့သုတေသနပြုချက်ကနေ သိရှိခဲ့ရပါတယ်။ သူဟာ လုံလောက်တဲ့ credit တွေရရှိထားပြီးသားပါ။

ဘွဲ့နှင်းသဘင်အခမ်းအနားမတိုင်ခင် ၂ ပတ်ဝန်းကျင် သူ့ရဲ့အသက် ၉၀ ပြည့်နှစ်မွေးနေ့မှာ သူ့မိသားစုကို သူ့ရဲ့ဒီပလိုမာဘွဲ့အကြောင်း ပြောပြခဲ့တာပါ။ သူ ပညာသင်ယူတဲ့ခရီးက ဒီမှာတင်ရပ်မထားပါဘူး။ ဇန်နဝါရီလကျ ဝိဇ္ဇာဘွဲ့ရအောင်ယူဖို့ စီစဉ်ထားပါတယ်။

အန်နက်က အခြားသူတွေကို အခုလိုအသိပညာပေးထားပါတယ်။ “မင်းမှာ အိပ်မက်တစ်ခုရှိမယ်ဆိုရင် ဒီအတိုင်းထိုင်မနေပါနဲ့။ တစ်ခုခုလုပ်ပါ။ လူတွေကို ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သူတို့လုပ်နိုင်တယ်ဆိုတာ သိသွားဖို့ လူသိရှင်ကြားထုတ်ပြလိုက်ပါ”

Ref: Great-grandma of 15 graduates college at 90: ‘It’s like being in a dream’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top