ပထမဦးဆုံးပြောရမယ်ဆိုရင်တော့ ဒီဆောင်းပါးကိုရေးသားခဲ့သူဟာ သိပ္ပံနယ်ပယ်ကသူတစ်ယောက်မဟုတ်ဘဲ ရုပ်ရှင်နယ်ပယ်က ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြသွားမယ့်စာများအားလုံးဟာ သူ့ရဲ့အာဘော်များကို မြန်မာစကားအတိုင်း တိုက်ရိုက် ဘာသာပြန် သွားမှာဖြစ်ပါတယ်။
အခုဆိုရင် လူသားတို့ လပေါ်ကိုပထမဆုံးခြေချခဲ့တဲ့ Apollo 11 mission လွန်တာ အနှစ် (၅၀) ခန့်ရှိပါပြီ။ ဒါပေမယ့် အဲဒီအကြောင်းနဲ့သက်ဆိုင်တိုင်း လူသားတို့လပေါ်ခြေချခဲ့ခြင်းဟာ အမေရိကန်ရဲ့ လိမ်ဆင်တစ်ခုသာဖြစ်တယ်လို့ conspiracy သီအိုရီများကို နေရာတကာမှာ ကြားနေရပါတယ်။ သိပ္ပံစိတ်ဝင်စားသူ audience များကိုပါ ဒီလိုတွေ တွေ့နေရတော့ စိတ်မကောင်းပါဘူး။
နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သူ Stanley Kubrick က နာဆာဟာ သူတို့ လပေါ်ဆင်းသက်ခဲ့တဲ့ (၆) ကြိမ်လုံးကို လိမ်ဆင်ကြီးလုပ်ခဲ့ပါတယ်ဆိုပြီးတော့ documentary ဆန်ဆန်များ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အခုလို conspiracy theory များပေါ်ပေါက်လာခြင်းရဲ့ အဓိကအခြေခံအကြောင်းအရင်းများထဲက တစ်ခုဖြစ်ပါတယ်။
ခဏနေပါဦး။ သေသေချာချာ ပြန်စဉ်းစားကြည့်ရအောင်။ အဲဒီခေတ်အခါက ဒီလိုလိမ်ဆင်ကြီးတစ်ခုကို ကမ္ဘာအနှံ့ပြုလုပ်ဖို့အတွက် နာဆာမှာ လုံလောက်တဲ့နည်းပညာရှိပြီလား။ ကျွန်တော်ကတော့ သိပ္ပံပညာရှင် တစ်ယောက်လည်းမဟုတ်သလို နာဆာက အင်ဂျင်နီယာတစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရုပ်သံရှုထောင့်ကနေတော့ ဝေဖန်နိုင်ပါတယ်။ အောက်ဖော်ပြပါများကတော့ လူတွေ အမေးများတဲ့ conspiracy မေးခွန်းအချို့ဖြစ်ပြီး ကျွန်တော့်ရဲ့ ရုပ်ရှင်လောကသားအဖြေဘက်ကနေ တတ်နိုင်သမျှဖြေကြားထားပါတယ်။
လပေါ်ခြေချနေတဲ့ဗီဒီယိုဟာ စတူဒီယိုထဲမှာရိုက်ကူးခဲ့တာ
ရွေ့လျားနေတဲ့အရာများကိုရိုက်ကူးဖို့အတွက် နည်း(၂) နည်းရှိပါတယ်။ တစ်ခုက ဖလင်နည်းဖြစ်ပြီး နောက်တစ်ခုကတော့ ဓာတ်ပုံများကို နည်းပညာအရ ဖိုင်တစ်ခုတည်းအဖြစ် သွတ်သွင်းတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိနည်းပညာများအထိ ဗီဒီယိုဆိုတာဟာ တစ်စက္ကန့်ကို ပြသတဲ့ပုံရိပ်ပေါင်း (fps) (၂၄) ခန့်သာ ရှိကြပါတယ်။
တကယ်လို့ ဒီလပေါ်ဆင်းသက်နေတဲ့အခိုက်အတန့်ကို စတူဒီယိုတစ်ခုအတွင်းရိုက်ကူးချင်တယ်ဆိုရင် သူတို့ဟာ အဆိုပါအချိန်က ကမ္ဘာပေါ်မှာ တစ်ခုတည်းသောဗီဒီယို frame rate ဖြစ်တဲ့ 30 fps နဲ့ ရိုက်ကူးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းပြသခဲ့တဲ့ လပေါ်ဆင်းသက်နေတဲ့ဗီဒီယိုများအရ သူတို့ဟာ 10 fps ဖြစ်နေပါတယ်။ သူတို့ဟာ အထူးပြုလုပ်ထားတဲ့ special camera တွေနဲ့ ရိုက်ကူးခဲ့တာလား။
နာဆာက အထူးပြုလုပ်ထားတဲ့ကင်မရာနဲ့ စတူဒီယိုအတွင်းမှာရိုက်ကူးခဲ့ပြီး နောက်မှ frame rate တွေကို နှေးလိုက်ခြင်းဖြစ်ပါတယ်
တကယ်လို့ ဆွဲငင်အားနည်းပါးတဲ့နေရာများမှာ လူတွေလှုပ်ရှားနေပြီဆိုတာကို ကြည့်ရှုမယ်ဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုများဟာလည်း နှေးကွေးနေတာကို တွေ့ရနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ရုပ်သံကိုနှေးလိုက်တာလား။
ရုပ်သံတစ်ခုကိုနှေးလိုက်ဖို့အတွက်ဆိုရင် သူဟာ သာမန်ရုပ်သံများကို record လုပ်နိုင်တဲ့စွမ်းရည်တစ်ခုထက် မြင့်မားဖို့လိုပါတယ်။ ဥပမာ ကိုယ့်ဖုန်းရဲ့ ကင်မရာကို စစ်ကြည့်ပါ။ အိုင်ဖုန်းပဲဖြစ်ဖြစ် အဆင့်မြင့်မားတဲ့ android ပဲဖြစ်ဖြစ် slowmo တစ်ခုကိုရိုက်ကူးတဲ့အချိန်မှာ ကင်မရာဟာ လွန်စွာ fps မြင့်မားနေတာ သတိထားမိမယ်ထင်ပါတယ်။ ဒါဟာနောက်ပိုင်းသူက ရိုက်ကူးမိတဲ့အရာများကို နှေးကွေးစွာပြနိုင်ဖို့အတွက် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။
အဲဒီ ၁၉၇၀ ပတ်ဝန်းကျင်အချိန်မှာ ကင်မရာများရဲ့ နည်းပညာဟာ အတော်လေးကို နိမ့်ပါးနေခဲ့ပါတယ်။ (၁၄၃) မိနစ်ခန့်စာ ကို slow motion ပြဖို့အတွက်ဆိုရင် (၄၇) မိနစ်စာ အနှေးရိုက်ကူးရမှာဖြစ်ပြီး အဆိုပါ အခြေအနေများအတွက် မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။
သူတို့ဟာ နည်းပညာမြင့်မားတဲ့ကင်မရာများနဲ့ အခုလို slow motion ရုပ်သံကိုရိုက်ကူးခဲ့တာဖြစ်တယ်။ နာဆာဟာ နည်းပညာတိုင်းကို အားလုံးထက် စောစွာရရှိတယ်
အင်း….. ဒီလိုလုပ်ဖို့အတွက်ဆိုရင် အလွန်ကို storage မြင့်မားတဲ့ recorder များ အသုံးပြုရမှာဖြစ်ပါတယ်။ နာဆာကင်မရာများရဲ့ storage ဟာ ထိုစဉ်က ကမ္ဘာ့ storage အများဆုံးကင်မရာထက် အဆပေါင်း (၃၀၀၀) ခန့် သာခဲ့သလား။ မဖြစ်နိုင်ဘူးလို့တော့မပြောလိုပါ။ စဉ်းစားကြည့်ပါ။
အလံကြီးကလွင့်နေတယ်။ လပေါ်မှာ တကယ်တော့ လေမတိုက်ရဘူး။ ဒါကြောင့် ဒါဟာ စတူဒီယိုအတွင်းက ပန်ကာကြောင့်ဖြစ်နိုင်သလို ကန္တာရတစ်ခုအတွင်းမှာ ရိုက်ကူးခဲ့တာလည်းဖြစ်နိုင်တယ်
မဟုတ်ပါဘူး။ အလံရဲ့ အပေါ်မှာ စတီးချောင်းအသေးလေးထည့်ပြီးတော့ သူ့ကို လွင့်ထူနေစေတာပါ။ စတူဒီယိုအတွင်းမှာကော ဘယ်လို ပန်ကာ အကောင်းစားကြီးတွေ ရှိသလဲ။
ကန္တာရတစ်ခုအတွင်းမှာ လေတိုက်နေတာလည်း ဖြစ်နိုင်သလား။ လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီ ဂျူလိုင်လလို အချိန်မျိုးမှာဆိုရင် ကန္တာရအတွင်းမှာ အပူလှိုင်းအတော်လေးထူထပ်ပါတယ်။ ကြည့်ရသလောက် လပေါ်ဆင်းသက်နေစဉ်မှာ အဆိုပါ အပူလှိုင်းများကိုမတွေ့ရပါဘူး။
ဒီဗီဒီယိုအတွင်းမှာ တွေ့မြင်ရတဲ့အလင်းများဟာ အလင်းစလောင်းတစ်ခုကလာတာ၊ အရိပ်တွေကြည့်ရတာ တစ်မျိုးပဲ
ဟုတ်တယ်။ တကယ့်ဗီဒီယိုထဲမှာလဲ မီးစလောင်းကြီးတစ်ခုပါဝင်တယ်။ အဲဒါကတော့ မိုင်ပေါင်း (၉၃) သန်းခန့်ဝေးကွာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်ပဲ။ ဒီဗီဒီယိုအတွင်းက အလင်းနဲ့ အရိပ်များကို သေချာကြည့်ပါ။ သူတို့ဟာ တကယ်လို့ နီးကပ်တဲ့ spotlight များဖြစ်မယ်ဆိုရင် အရိပ်များဟာ parallel ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ ရွေ့လျားမှုအနည်းငယ်ဟာလည်း အရိပ်များရဲ့ ဒီဂရီတိမ်းစောင်းမှုအပေါ်မှာ များစွာအကျိုးသက်ရောက်မှာပါ။ ဒါပေမဲ့ ဒီဗီဒီယိုမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ မိုင်ပေါင်း (၉၃) သန်းခန့်ဝေးကွာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်ကြောင့် အဆိုပါအရိပ်များဟာ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် parallel ဖြစ်နေတာကို တွေ့ရပါတယ်။
Howard Berry ရဲ့ ဆောင်းပါးကတော့ ဒီမှာပြီးပါတယ်။ MA Film and Television Production မှ Head of Post-Production and Programme Leader ဖြစ်သူ Howard Berry က ရေးသားခဲ့တာဖြစ်ပြီး မူရင်းစာမူကို Conservation မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
ပြောရမယ်ဆိုရင် လပေါ်ကို အမေရိကန်တို့ ခြေချခဲ့တဲ့ ဗီဒီယိုဟာ သူတို့ ဂွင်ဆင်၊ staged လုပ်ပြီး ရိုက်ကူးသွားတာမှန်ပါတယ်။ ဒါပေမဲ့ ပြေတီဦး ပြောသလို ပဲ၊ တကယ့်နည်းပညာသာခေါ်လာလိုက် ဖြစ်အောင်လုပ်ပြမယ်ဆိုသလိုပါ။ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျ ခံပြီးတော့ လပေါ်မှာ တကယ် သွားရောက်ရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်။
ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Ref: Curiosity
Team (ရိုးရာလေး)