ဘရာဇီးနိုင်ငံမှ အိမ်ရာမဲ့ အမျိုးသားတစ်ဦးဟာ ခြေညှပ်ဖိနပ်စီးပြီး ၈ ကီလိုမီတာ တာလတ်အပြေးပြိုင်ပွဲမှာ ပန်းဝင်အောင် ပြေးနိုင်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ လူသိများ ထင်ရှားလာခဲ့ပါတယ်။ ပင်ညိုလို့ အမည်ရတဲ့ ဘရာဇီး အမျိုးသားဟာ ဇူလိုင်လ ၂၇ ရက်က ဂါရာဖာအိုဒိုနာတီမြို့မှာ ကျင်းပခဲ့တဲ့ တာလတ်အပြေးပြိုင်ပွဲမှာ ဝင်ပြေးခဲ့တာပါ။
သူဟာ အရက်နာကျတာ သက်သာအောင် ဝင်ပြေးခဲ့တာဖြစ်ပြီး အပြေးပြိုင်ပွဲမှာ စာရင်းသွင်းခဲ့ခြင်းလည်း မရှိပါဘူး။ ဒါပေမဲ့ တာလွှတ်ကတည်းက တဟုန်ထိုးပြေးသွားတဲ့ ပင်ညိုရဲ့ လှုပ်ရှားမှုဟာ ရုပ်သံမှတ်တမ်းမှာ ထူးထူးခြားခြား ဖြစ်ခဲ့ပြီး ပရိသတ်တွေက သူ့အကြောင်း စိတ်ဝင်တစား ဖြစ်ခဲ့ကြပါတယ်။
သတင်းထောက်တွေက သူ့အကြောင်း စုံစမ်းပြီး တွေ့ဆုံမေးမြန်းရာမှာတော့ ပင်ညိုက ” သောက်တာများပြီး အမူးမပြေ ဖြစ်နေသေးချိန်မှာ လူအုပ်ကြီးကို တွေ့လိုက်တာ။ အဲဒါနဲ့ ကျွန်တော်လည်း အရက်နာကျတာ သက်သာအောင် ဝင်ပြေးခဲ့တာပါ”လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းခံခဲ့ရလို့ ပင်ညိုဟာ မိခင်ကိုသာ အားကိုးအားထား ပြုခဲ့ရသူပါ။ သူဟာ အရက်စွဲနေတဲ့ အိမ်ရာမဲ့တစ်ယောက်ဖြစ်ပေမဲ့ လူမှုကွန်ရက်မှာ သူ့အကြောင်း ပျံ့နှံ့ခဲ့ပြီးနောက် လူတွေက သူ့အတွက် အပြေးဖိနပ်၊ ဝတ်စုံသစ်၊ အပြေးသမား ဝတ်ဆင်တဲ့ မျက်မှန်တွေ လှူဒါန်းပေးခဲ့ကြပြီး ပရော်ဖက်ရှင်နယ် အပြေးသမားတွေကလည်း သူတို့နဲ့အတူ လာရောက်လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူ့အတွက် ကိုယ်ပိုင်အိမ် တည်ဆောက်ပေးဖို့လည်း ပြင်ဆင်နေကြပါပြီ။
ပင်ညိုဟာ အပြေးပြိုင်ပွဲမှာ ဝင်ပြေးခဲ့တဲ့နေ့ကစလို့ အရက် မသောက်တော့ဘဲ သူ့ဘဝကို ပြောင်းလဲပြင်ဆင်နိုင်ဖို့ ကြိုးစားနေပြီလို့ ဆိုပါတယ်။
Ref: Homeless Flip-Flop-Wearing Man Completes 8Km Running Race to Treat His Hangover
NZ ( ရိုးရာလေး)

