လူကြောက်လေးတို့အတွက် မိတ်ဆွေဖွဲ့နည်း

43748276_279825022868028_4684175742009868288_n.jpg

ပတ်ဝန်းကျင်ကို (၂၄) နာရီနဲ့ (၇) ရက်လုံး ဂရုစိုက်နေတတ်သူ၊ လူတွေက ကိုယ့်ကိုဘယ်လိုထင်မလဲ အမြဲစိုးရိမ်နေတတ်သူတွေအတွက်တော့ သူငယ်ချင်းဖွဲ့ရတာ တကယ်ကိုခက်ခဲပါတယ်။ ဘယ်လိုသူတွေနဲ့တွေ့မှာလဲ။ သူတို့တွေက ငါ့ကိုသဘောကျပါ့မလား။ သူတို့မကြိုက်တာ တစ်ခုခုလုပ်မိရင် ငါ့ကိုငြိုငြင်သွားကြမှာလား။ စတဲ့အတွေးတွေကို

ငယ်စဉ်တုန်းက ကိုယ်တိုင်ခံစားခဲ့ရဖူးတာမို့ ဘယ်လောက်ခံရခက်တယ်ဆိုတာကို စာရေးသူက ကောင်းကောင်းနားလည်ပါတယ်။

သတင်းကောင်းကတော့ သင့်မှာဒီလိုကြောက်စိတ်တွေရှိနေတယ်ဆိုရင်တောင် အများနည်းတူ သူငယ်ချင်းတွေဖွဲ့နိုင်ပြီး ရထားတဲ့သူငယ်ချင်းတွေနဲ့လည်း ရေရှည်အခင်အမင်မပျက်နေနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိနေသေးတယ်ဆိုတာပါပဲ။ ဘာနည်းလမ်းလေးတွေများဖြစ်မလဲလို့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းမတင်ပါနဲ့တော့

ငါကဘာတွေလိုအပ်နေတာလဲ။ ငါ့မှာ လူတွေအထင်ကြီးလောက်စရာအချက်ဘာရှိလဲ။ ငါကခင်ဖို့ကောင်းရဲ့လား။ ငါ့နဲ့ပေါင်းရင် သူတို့တွေပျော်ရပါ့မလား။ စတဲ့ ငါ … ငါ … ငါ ဆိုတာတွေကို ဖယ်ပစ်လိုက်ပါတော့။

သူငယ်ချင်းဖွဲ့တယ်ဆိုတဲ့နေရာမှာ သင့်အနေနဲ့ တခြားတစ်ယောက်ရဲ့ခံစားချက်တွေ၊ အပြုအမူတွေကို လက်ခံပေးနိုင်တယ်၊ နားလည်ပေးနိုင်တယ်။ သင်တို့နှစ်ယောက်ဆက်သွယ်လို့ရနေတယ်ဆိုရင် သူငယ်ချင်းဖွဲ့လို့ရပါပြီ။ သင့်ရဲ့ပင်ကိုစရိုက်က အတော်အတန်ကောင်းမွန်နေတယ်ဆို ရပါပြီ။ တခြားသူသဘောကျဖို့ မိမိကိုယ်ကို မဖုံးကွယ်ပစ်ပါနဲ့။

၂။ အနားမှာရှိတဲ့သူတွေကို ပျော်အောင်ထားပါ

မင်းလိုအပ်ချိန်မှာ သူငယ်ချင်းတွေကို မင်းလိုလာမယ်။ အဲဒီလိုပဲ သူတို့လိုအပ်တဲ့အချိန်မှာလည်း မင်းကိုလိုအပ်လာလိမ့်မယ်။ တိုင်ပင်ဖို့ပဲဖြစ်ဖြစ်၊ နားထောင်ပေးရုံလောက်ပဲဖြစ်ဖြစ် မင်းဆီကိုရောက်လာကြလိမ့်မယ်။ အဲဒီအချိန်မှာ မင်းက အလေးအနက်မရှိဘဲ ဖုန်းပွတ်နေမယ်။ ဂိမ်းဆော့နေမယ်။ တောင်ပြော၊ မြောက်ပြောတွေပြောနေမယ်။ ဒါဆိုမင်းတော်တော်ရိုင်းပျရာကျပြီး တစ်ဘက်လူနဲ့တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို အလေးမထားရာရောက်သွားပါပြီ။ ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ကိုယ့်ဆန္ဒကိုချည်း ဦးစားမပေးဘဲ တစ်ဘက်လူကို ထည့်တွက်ပေးပါ။

၃။ အားလုံးသဘောကျအောင်လုပ်နေတာတွေကို ရပ်လိုက်ပါတော့

အစစ်အမှန်တွေ လိုချင်တဲ့သူတစ်ယောက်က ကိုယ်တိုင် အစစ်အမှန်ဖြစ်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ပြီးလူတိုင်းသဘောကျအောင်လိုက်လုပ်နေရင်တော့ ဘယ်တော့မှ သူငယ်ချင်းကောင်းရလာမှာ မဟုတ်ပါဘူး။ သူငယ်ချင်းကောင်းဆိုတာ သင်ဘယ်လိုပုံစံဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲဖြစ်ဖြစ် အနားမှာအမြဲရှိပြီး အတတ်နိုင်ဆုံးကူညီပေးမယ့်သူမျိုးပါ။

အစစ်အမှန်အတိုင်းပဲနေပါ။ တကယ်လို့အဲဒီအရာကို သူတို့တွေက မနှစ်သက်ဘူးဆို သင့်ရဲ့သူငယ်ချင်းကောင်း ဘယ်လိုမှဖြစ်လာမယ့်သူတွေမဟုတ်ပါဘူး။ ဒါကြောင့်မို့ လက်လွှတ်လိုက်ပါ။

၄။ အမှီအခိုကင်းပါစေ

လူဆိုတာမွေးလားကတည်းက တစ်ယောက်တည်း။ သေဆုံးတော့လည်း တစ်ယောက်တည်းပါ။ လူတိုင်းကိုယ့်ဘဝနဲ့ ကိုယ်ရှင်သန်နေကြရတာပါ။ သင့်အနားမှာ ဘယ်သူမှအမြဲမရှိနေနိုင်ပါဘူး။ တကယ်အရေးကြီးလာမယ်ဆို သင်လည်း သူတို့အနား အမြဲမရှိပေးနိုင်ပါဘူး။ ဒါကြောင့် ဆယ်ခါမှာ သုံးလေးခါလောက် မကူညီပေးနိုင်တဲ့ သူငယ်ချင်းတွေကို အပြစ်မတင်ပါနဲ့။ သူတို့မှာလည်း သူတို့ဘဝနဲ့သူတို့ရှိပါတယ်။ အတတ်နိုင်ဆုံးတော့ အပြန်အလှန် ကူညီပေးကြပေါ့။ အမြဲအပူကပ်နေမယ်ဆို တည်ဆောက်ထားတဲ့ သူငယ်ချင်းဆက်ဆံရေးက ဖိစီးမှုတွေများလာပြီး ပျက်စီးသွားတတ်ပါတယ်။ ဘယ်ဆက်ဆံရေးမဆို ဒီလိုပဲမို့သတိထားပါ။ အမှီအခိုကင်းပါစေ။

၅။ ဝါသနာတူတွေနဲ့ သူငယ်ချင်းဖွဲ့ပါ

သီချင်းဝါသနာပါရင် သီချင်း၊ အကဝါသနာပါရင် အက စတဲ့ဝါသနာတူတွေနဲ့ သူငယ်ချင်းဖွဲ့ထားပေးခြင်းက သင့်တို့ကြားက ဆက်ဆံရေးကို မပျင်းရိရလေအောင် ကူညီပေးနိုင်ပါတယ်။ အမြဲပြောစရာစကားရှိနေတာဖြစ်တဲ့အတွက် နှစ်ယောက်ကြား ဆက်ဆံရေးကလည်း ဘယ်တော့မှ မအေးစက်နိုင်တော့ပါဘူး။

Ref: Pinterest “How To Make Friends When You Have Social Anxiety”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top