တစ်ပတ်အတွင်းမှာ စာမေးပွဲအတွက် ထိရောက်အောင် ဘယ်လိုလေ့လာကြမလဲ

40429714_2214040225481138_498114626064482304_o.jpg

“၁၆၈” ဒါက ၁ ပတ်မှာ ရှိတဲ့ နာရီစုစုပေါင်းပါ။ ဒီ ၁၆၈ နာရီ အတွင်းမှာ အိပ်ချိန်တွေကို နှုတ်လိုက်ပြီးရင် စာမေးပွဲအတွက် စာတွေကို

ခေါင်းထဲကို မြန်မြန်နဲ့ ထိထိရောက်ရောက် ရောက်ရှိနိုင်ဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာသိချင်ရင်တော့ အောက်က (၇) ချက်ကို ဖတ်ကြည့်လိုက်ဖို့ အကြံပြုပါရစေ။

(၁) တစ်ရက် ကို နှစ်ဘာသာ သို့ သုံး ဘာသာ လုပ်ကြည့်ပါ

လေ့လာချက်တွေအရ တစ်ရက် တစ်ဘာသာ လုပ်တာထက်စာရင် မနက်ပိုင်းမှာ ကျက်စာကျက် နေ့လည်ပိုင်းက တွက်စာ ညပိုင်းက ပုံဆွဲတာလိုမျိုး မတူညီတဲ့ လုပ်ငန်းစဉ်တွေကို လုပ်တာက ဦးနှောက်အတွက် ပိုပြီး မှတ်မိလွယ်စေပါတယ်။ ဒါ့အပြင် အခုလိုမျိုး တစ်ဘာသာချင်းစီအတွက် အချိန်ခွဲပြီး ပေးထားတာကလည်း ဦးနှောက်က ရှေ့မှာမှတ်သားခဲ့တဲ့ အချက်အလက်တွေသိုမှီးဖို့ အချိန်ပိုရစေပါတယ်။

(၂) အရေးကြီးတာတွေကို အသံထွက်ကျက်ပါ

တချို့ကျောင်းသူကျောင်းသားတွေက အသံမထွက်ပဲ စာကျက်တတ်ပါတယ်။ ဒါကတော့ ကိုယ်အားသန်ရာ သန်ရာနည်းအတိုင်းစာကျက်ကြတယ်ဆိုပေမဲ့ အရေးကြီးတဲ့ မှတ်ကိုမှတ်မိရမယ့် အပိုင်းတွေကိုတော့ အသံထွက်ပြီး ကျက်ပါလို့ အကြံပေးပါရစေ။ အဲဒါဆိုရင် အမြင်အာရုံရော အကြားအာရုံကိုပါ အလုပ်ပေးသလို ဖြစ်တဲ့ အတွက် ဦးနှောက်ကို နှစ်ခါ သတင်းပို့ ပြီးသားဖြစ်သလို ပိုပြီးလည်း မှတ်မိနိုင်ပါတယ်။

(၃) ဖတ်စာအုပ်ပေါ်မှာ Highlight လုပ်တာထက် Note အတိုအထွာတွေက ပိုမှတ်မိလွယ်စေပါတယ်

ကိုယ်ကျက်နေတဲ့ ဘာသာအတွက် Sticky note လေးတွေပေါ်မှာ မှတ်စုအတိုအထွာ လေးတွေ မှတ်တာပဲဖြစ်ဖြစ်၊ Flash card လို့ခေါ်တဲ့ စာရွက်တိုတွေပေါ်မှာ ကိုယ်မှတ်မိမယ့်ပုံတွေ အတိုကောက်စကားလုံးတွေ အီကွေးရှင်းတွေ နာမည်တွေရေးမှတ်တာက ရှိသမျှကို ဟိုက်လိုက်တားနေတာထက်စာရင် ပိုထိရောက်စေပါတယ်။

(၄) ပြန်သင်ပေးပါ

ကိုယ့် သူငယ်ချင်းဖြစ်ဖြစ်၊ အတန်းဖော်က ဖြစ်ဖြစ် စာလာမေးခဲ့ရင် မငြူစူပဲ စေတနာကောင်းထားပြီး ရှင်းပြပေးပါ။ စာပြန်သင်ပေး/ရှင်းပြပေးရမယ်လို့စဉ်းစားပြီး စာကျက်တဲ့ အခါကျရင် ဦးနှောက်က ပိုပြီးရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိကျကျ မှတ်သားထားတတ်ပါတယ်။ ဒါ့အပြင် တကယ်ပြန်ရှင်းပြပေးတဲ့အချိန်မှာလည်း ဦးနှောက်က ဒုတိယအခေါက် မှတ်ပြီးသား ဖြစ်သွားပါတယ်။

(၅) ကိုယ့်ဘာသာအစမ်း ဖြေကြည့်ပါ

မေးခွန်းဟောင်းကြီးသွားဆွဲထုတ်လာပြီး တစ်စုံလုံး ထိုင်ဖြေနေစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်လေ့လာထားတဲ့ဟာကို ပြန်ပြီးဖြေကြည့် ပြန်စဉ်းစားကြည့်မှ မမှတ်မိတာတွေ ကိုယ် မဖြေနိုင်သေးတာတွေ ကိုယ်အမှတ်မှားတာတွေ ပေါ်လာမှာပါ။ အကြံပေးချင်တာကတော့ ကိုယ်နဲ့ခင်တဲ့ ဟိုက်ပါတွေကို ဘယ်မေးခွန်းဟောင်းရဲ့ဘယ် မေးခွန်း နံပါတ်က ဒီနှစ်နဲ့သက်ဆိုင်သလဲ။ ဖြေလို့ရလဲ ဆိုတာကို မေးကြည့်ပါ။ သူတို့က ဒီအချိန်ဆို အကုန်လုပ်ပြီးနေလောက်ပါပြီ။

(၆) ဘာသာအလိုက် တစ်စုတစည်းတည်းထားပါ

စာကျက်ပါမယ်ဆိုမှ မှတ်စုစာရွက်ပျက်လို့ ရှာနေတာက တစ်နာရီဆိုရင် အဆင်မပြေသေးပါဘူး။ ဖြစ်နိုင်မယ်ဆို ဖိုင်တွေနဲ့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် City Mart က recycle bag လို အိတ်မျိုးတွေနဲ့ တစ်ဘာသာတစ်ခု ထည့်ထားပါ။ အဲဒီ တစ်ဘာသာအတွက် ကျက်မှတ်ပြီးတာနဲ့ သက်ဆိုင်ရာစာရွက်စာတမ်း ပစ္စည်းကိရိယာမှန်သမျှကို အဲဒီ အိတ်/ဖိုင်ထဲထည့်၊ ပြီးမှ နောက်တစ်ဘာသာအတွက်ဆက်လုပ်ပါ။

(၇) ဖုန်းမသုံးပါနဲ့၊ ဖုန်းမသုံးပါနဲ့၊ ဖုန်းမသုံးပါနဲ့

အခု ဒါကို ဖတ်ပြီးတာနဲ့ ချက်ချင်းစာလုပ်သင့်နေပါပြီ။ ခဏလေးဆို ပြီးလည်း မသုံးပါနဲ့။ မဖြစ်မနေ ဥပမာ ဘာသာပြန်ဖို့အတွက် အဘိဓာန်သုံးဖို့ ဖုန်းလိုတယ် ဆိုရင် အသိပေးချက်စနစ်မှန်သမျှ ပိတ်ထားပါ။ ဆော့မိတတ်တဲ့ game တွေကိုလည်း uninstall လုပ်သင့်ရင် လုပ်ထားပါ။ မိမိကို စာမလုပ်ဖြစ်စေတဲ့ အရာမှန်သမျှကို ရှောင်ရှားပါ။ တစ်ဘဝလုံး ဖုန်းသုံးနိုင်ပါတယ်။ စာကျက်ဖို့အတွက်ကတော့ ဒီ ၇ ရက်လေး ကိုပဲ သည်းခံလိုက်ပါ။

စာမေးပွဲရှိနေတဲ့ ရိုးရာလေးရဲ့စာဖတ်ပရိသတ်အားလုံး အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref: Daniel Wong “How to study smart: scientific ways to learn faster/Asap Science “9 best scientific study tips”

Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top