အိန္ဒိယလူမျိုးစီးပွားရေးလုပ်ငန်းရှင် ဆန်ဂျေးကာပူးဟာ ဇွန်လ ၁၂ ရက်နေ့က လန်ဒန်မှာ ပြုလုပ်တဲ့ ပိုလိုကစားပွဲအတွင်း သေဆုံးသွားခဲ့ပါတယ်။ ရုတ်တရက်နှလုံးအမောဖောက်သွားခဲ့တယ်လို့ အိန္ဒိယနိုင်ငံရှိ သူ့ရဲ့မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်တဲ့ ရုံးချုပ် Sona Comstar ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆန်ဂျေးဟာ ၂၀၁၅ ခုနှစ်မှာ သေဆုံးသွားခဲ့တဲ့ သူ့ဖခင်ဆီကနေ ကုမ္ပဏီကို လွှဲပြောင်းယူခဲ့ပြီး ဥက္ကဌဖြစ်ခဲ့တာပါ။ Aureus ပိုလိုအသင်းပိုင်ဆိုင်တဲ့ အပျော်တမ်းပိုလိုကစားသမားလည်းဖြစ်တဲ့ ဆန်ဂျေးဟာ သူ နေလိုမကောင်းဖြစ်လာခဲ့တဲ့အချိန်မှာ Smith’s Lawn မှာကစားနေခဲ့တာပါ။ Guards Polo Club ကလည်း ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။
ဆန်ဂျေးက ပိုလိုပွဲအတွင်း ပျားတစ်ကောင်ကို မြိုချမိပြီးနောက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆန်ဂျေးရဲ့သူငယ်ချင်း ဆူဟယ်လ် ဆတ်သ်က ဆိုထားတယ်လို့ အိန္ဒိယမီဒီယာ ANI က ဖော်ပြထားပါတယ်။
ဆန်ဂျေးက ၂၀၁၇ ခုနှစ်မှာ ပရီယာ ဆာချ်ဒီဗ်နဲ့ လက်ထပ်ခဲ့ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ သူဟာ အရင်က ဘောလိဝုဒ်မင်းသမီး ကာရစ်မာ ကာပူးနဲ့ လက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရှိခဲ့ပါတယ်။ သူတို့က ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။
Ref: Indian billionaire dies from ‘sudden heart attack’ after reportedly swallowing bee during polo match
WL ( ရိုးရာလေး)

