ပွင့်ခက် ၆၃ ခက်ပါတဲ့ ကလိုဗာပွင့် စိုက်ပျိုးပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တဲ့ ဂျပန်အမျိုးသား

27.6.2024-yyl-4.jpg

ပုံမှန်အားဖြင့် ကလိုဗာပွင့်မှာ ပွင့်ခက် ၃ ခက်၊ ၄ ခက်ပဲ ရှိတတ်ပေမဲ့ ဂျပန်အမျိုးသားတစ်ဦးကတော့ ပွင့်ခက် ၆၃ ခက်အထိ ပါတဲ့ ကလိုဗာပွင့် စိုက်ပျိုးပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ယိုရှီဟာရူဝါတာနာဘီဟာ ကမ္ဘာ့စံချိန် ချိုးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက သူ့ရဲ့နေအိမ်မှာ ကလိုဗာပင်တွေကို ဝတ်မှုန်ကူးပြီး မျိုးစပ်ခဲ့တာပါ။ သူဟာ သဘာဝအတိုင်း ဝတ်မှုန်ကူးတာ၊ ပွင့်ခက်အများဆုံး အပင်တွေနဲ့ ဝတ်မှုန်ကူးစေတာမျိုး လုပ်ခဲ့ပါတယ်။

” ဂင်းနက်စ်စံချိန်တင်ဖို့ ကြိုးစားချိန်ကစပြီး တစ်နှစ်ထက်တစ်နှစ် ပွင့်ခက်တွေ ပိုများလာတယ်။ ဒါပေမဲ့ တစ်ခါတလေလည်း ပွင့်ခက် ပိုနည်းသွားတာ၊ ပွင့်ခက် ၃ ခုပဲ ပွင့်တာမျိုးလည်း ကြုံရပါတယ်။ ပွင့်ခက် ပိုများတာက မျိုးဗီဇနဲ့ဆိုင်မှန်း သိပေမဲ့ ဘယ်လိုဆိုရင် ပွင့်ခက် ပိုများလာလဲဆိုတာတော့ အတိအကျ မသိပါဘူး” လို့ ဝါတာနာဘီက ဆိုပါတယ်။

နောက်ဆုံးမှာတော့ ဝါတာနာဘီက ပွင့်ခက် ၆၃ ခက်ပါတဲ့ ကလိုဗာပွင့်ကို စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ဂျပန်နိုင်ငံသား ရှီဂျီယိုအိုဘာရာ တင်ထားတဲ့ ပွင့်ခက် ၅၆ ခက် စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

” ပွင့်ခက် ၄ ခုပါတဲ့ ကလိုဗာပွင့်က ပျော်ရွှင်ခြင်းတွေ ဆောင်ကျဉ်းပေးတယ်လို့ လူတွေက ပြောကြတယ်။ ဒါဆိုရင် ပွင့်ခက် ၆၃ ခက်ပါတဲ့ ကလိုဗာပွင့်က လူတွေကို အံ့အားသင့်၊ ကြည်နူးစရာတွေ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဝါတာနာဘီက ပြောပါတယ်။

Ref:Japanese man grows extra-lucky 63-leaf clover

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top