ကျန်းမာရေးအခြေ အနေမကောင်းတဲ့ (၃) ပတ်သားဆင်ပေါက်လေးကို ဆေးတိုက်ကာ ဇီဝိန်ချုပ်စေခဲ့

5-8-2020-yyl-012.jpg

တစ်ခါတလေ ကိုယ်ကိုယ်တိုင်က မလုပ်ချင်ပေမယ့် မလုပ်မဖြစ်လုပ်ရတဲ့အရာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလိုပဲ အမေရိကန်နိုင်ငံက စိန့်လူးဝစ်တိရစ္ဆာန်ဥယျာဉ် (St Louis Zoo) ဟာဆိုရင်လည်း မသန်စွမ်းတဲ့ ကျန်းမာရေးအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ ဆင်ပေါက်လေးကို နာကျင်မှုတွေမခံစားရစေဖို့အတွက် မလုပ်ချင်ဘဲနဲ့ ဆေးတိုက်ပြီး ဇီဝိန်ချုပ်စေခဲ့ရပါတယ်။ ဆင်ပေါက်လေးရဲ့ကျန်းမာရေးအခြေအနေက သူ့ကို အစာစားလို့မရအောင်ကို ဖြစ်စေခဲ့ပါတယ်။ အေဗီလို့ခေါ်တဲ့ (၃) ပတ်သားအာရှဆင်ပေါက်လေး မွေးဖွားလာဖို့အတွက် က ဝန်ထမ်းတွေက စိတ်အားထက်သန်စွာနဲ့ စောင့်ဆိုင်းခဲ့ရတာပါ။ ဒါပေမဲ့ တိရစ္ဆာန်ဆရာဝန်တွေ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဆေးတိုက်ကာ အသက်ခြွေပေးခဲ့ပြီး သြဂုတ်လ ၂ရက်နေ့မှာ ငြိမ်းချမ်းစွာနဲ့ သေဆုံးခဲ့ပါပြီ။

တိရစ္ဆာန်ဥယျာဉ်က ဝန်ထမ်းတွေက ဆင်ပေါက်လေးကို မြင်တွေ့ရဖို့ (၃) နှစ်စောင့်မျှော်ခဲ့ရပြီး ရာနီ ဆင်မကြီးနဲ့ ရာဂျာ ဆင်ထီးတို့ကို အောင်အောင်မြင်မြင်နဲ့ မိတ်လိုက်စေခဲ့ပြီးနောက် ဇူလိုင်လ (၆) ရက်နေ့မှာ အေဗီမွေးဖွားခဲ့တဲ့အတွက် သူတို့ အရမ်းပျော်ရွှင်ခဲ့ကြရတာပါ။ အေဗီ မွေးဖွားပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ဝန်ထမ်းတွေက ဆင်ပေါက်လေး ကျန်းမာလာဖို့အတွက် ဂရုတစိုက်နဲ့ အစွမ်းကုန်ကုသပေးခဲ့ပါတယ်။ သူတို့ကြိုးစားခဲ့ပေမယ့် ပြီးခဲ့တဲ့လကုန်မှာ အေဗီရဲ့ကျန်းမာရေးအခြေအနေက ပိုဆိုးရွားပြီး အခြေအနေ မဟန်တော့တဲ့အတွက် ဆင်ပေါက်လေး ငြိမ်းချမ်းစွာ ထာဝရအိပ်စက်သွားအောင်လုပ်ဖို့ ဝန်ထမ်းတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

St Louis Zoo ရဲ့စီအီးအို ဂျက်ဖ်ဖရီ ဘွန်နာ (Jeffery Bonner) က “ဒီမှာရှိနေတဲ့လူတိုင်းက အခုဆိုရင် စိတ်မကောင်းဖြစ်နေကြပါတယ်။ ဆင်စောင့်ရှောက်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့က ဆင်ပေါက်လေးရဲ့ ကျန်းမာရေးကောင်းမွန်လာဖို့ ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ ကျန်းမာရေးအခြေအနေက အရမ်းပြင်းထန်လာတဲ့အတွက် ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။ ဆင်ပေါက်လေးရဲ့သေဆုံးမှုက ဝန်ထမ်းတွေကို စိတ်ထိခိုက်စေခဲ့ပါတယ်”လို့ ပြောပါတယ်။

တိရစ္ဆာန်ဥယျာဉ်ရဲ့ဒုဥက္ကဋ္ဌ လူးဝစ်ပတ်ဒီလာ (Luis Padilla) ကလည်း “ဒီဆင်ပေါက်လေးနဲ့ နေ့တိုင်း အနီးကပ်ရှိနေပေးခဲ့တဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့နဲ့ သူ့ကိုချစ်ကြတဲ့ သူတွေအားလုံးက ဝမ်းနည်းနေကြပါတယ်။ အေဗီကို လွမ်းနေကြတော့မှာပါ။ ဘယ်တော့မှလည်း မေ့သွားမှာမဟုတ်ပါဘူး။ ဆင်ပေါက်လေးကို ဂရုတစိုက်နဲ့ ပံ့ပိုးကူညီပေးခဲ့ကြတာ အံ့သြစရာပါပဲ။ လူတိုင်း ဝမ်းနည်းနေမယ်ဆိုတာ သိပါတယ်။ ဒါက ဒီခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ ကျွန်တော်တို့အဖွဲ့ကို ကူညီပေးနေပါတယ်”လို့ ဆင်ပေါက်လေးသေဆုံးရတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

တောရိုင်းတိရစ္ဆာန်အဖြစ် ကျန်ရှိနေတဲ့ အာရှဆင်တွေက (၃၅,၀၀၀) ထက်နည်းနေပါပြီ။ ဆင်တွေက တိရစ္ဆာန် ခိုးယူဖမ်းဆီးတဲ့သူတွေရဲ့အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Ref: Three-Week-Old Elephant Had To Be Put To Sleep After Being Born With Health Problems

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top