တစ်နေ့ကို စားစရိတ် ယန်း ၂၀၀ လောက်ပဲသုံးပြီး အိမ်သုံးလုံးပိုင်ဆိုင်ရေး အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သူ

2.9.2024-yyl-1.png

ဂျပန်နိုင်ငံရဲ့ ကပ်စေးအနည်းဆုံး အမျိုးသမီးလို့ သတ်မှတ်ခံထားရသူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး တစ်နေ့ကို စားသောက်စရိတ် မြန်မာငွေ ၇၀၀၀ ဝန်းကျင်ပဲ သုံးခဲ့ပြီး အိမ်သုံးလုံး ပိုင်ဆိုင်အောင် စုဆောင်းခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင် ဆာကီတာမိုဂါနီဟာ အသက် ၁၉ နှစ်အရွယ်ကတည်းက အိမ်သုံးလုံး ပိုင်ဆိုင်ချင်တဲ့ ရည်မှန်းချက်ရှိခဲ့သူပါ။

သူဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး လျှော့ဈေးမရရင် ဘာပစ္စည်းမှမဝယ်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားခဲ့ပြီး အဝတ်အစားသစ် လုံးဝမဝယ်ခဲ့ပါဘူး။ မိသားစုနဲ့ သူငယ်ချင်းတွေဆီက အဝတ်အစားဟောင်းတွေပဲ တောင်းယူပြီး ဝတ်ခဲ့ပါတယ်။ ဒါ့အပြင် တို့ဖူး၊ ခေါက်ဆွဲတို့လို ကုန်ကျစရိတ် သက်သာတဲ့ စားစရာတွေပဲ ဝယ်စားခဲ့တာပါ။ အဲဒီလို ၈ နှစ်ကြာ စုဆောင်းခဲ့ပြီးနောက်မှာတော့ အသက် ၂၇ နှစ်အရွယ်မှာ ပထမဆုံး အိမ်တစ်လုံးကို စတင်ဝယ်ယူနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အရောက်မှာတော့ အိမ်သုံးလုံး ပိုင်ဆိုင်ချင်တဲ့ ရည်မှန်းချက် ပြည့်ဝသွားခဲ့တာပါ။

အဲဒီနှစ်မှာပဲ တာမိုဂါမီက ဂျပန်ရုပ်သံလိုင်းရဲ့ Happy! Bomby Girl အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပြီး သူ့ရဲ့ခြိုးခြံချွေတာမှုက ဂျပန်တစ်နိုင်ငံလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူဟာ တစ်နေ့ကို စားသောက်စရိတ်အတွက် ယန်း ၂၀၀ ပဲ သုံးပါတယ်။ ပန်းကန်ခွက်ယောက်တွေဝယ်ရင် ငွေ ကုန်မှာစိုးလို့ ဒယ်အိုးနဲ့ပဲ စားသောက်လေ့ရှိပါတယ်။ အခြားအမျိုးသမီးတွေက မိတ်ကပ်နဲ့ ဆံပင်အတွက် အကုန်အကျများပေမဲ့ တာမိုဂါမီကတော့ ဆံပင်ရှည်လာရင် ဖြတ်ရောင်းပြီး ငွေရှာခဲ့သူပါ။ အဲဒီလောက်အထိ ခြိုးခြံချွေတာရတာ ခက်ခဲပင်ပန်းပေမဲ့ သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ငွေတွေ ပိုပိုများလာတာကို ကြည့်ရင်း ပီတိဖြစ်တဲ့စိတ်နဲ့ ဖြတ်သန်းခဲ့တယ်လို့ သူက ဆိုပါတယ်။

တာမိုဂါမီဟာ တိုကျိုမြို့မြောက်ဘက်မှာရှိတဲ့ ဆိုင်တာမာအရပ်မှာ ပထမဆုံးအိမ်တစ်လုံးကို ယန်း ၁၀ သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက် အိမ်ငှားတင်ခဲ့ပြီး အိမ်ငှားခရတဲ့ငွေနဲ့ အိမ်ချေးငွေကို အရစ်ကျ ပြန်ဆပ်ခဲ့ပါတယ်။ နောက်ထပ် နှစ်အနည်းငယ်အကြာမှာ ဒုတိယမြောက်အိမ်ကို ယန်း ၁၈ သန်းနဲ့ ဝယ်ယူခဲ့ပြီး ၅ နှစ်အကြာမှာတော့ တတိယမြောက်အိမ်ကို ယန်း ၃၇ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

Ref: Japan’s ‘Most Frugal Woman’ Buys 3 Houses by Spending Only $1.4 Per Day on Food
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top