၁၉၈၅ ခုနှစ်က ဟန်ဂေရီအမျိုးသမီး သိပ္ပံပညာရှင်နဲ့ ခင်ပွန်းဖြစ်သူ၊ ၂ နှစ်အရွယ် သမီးဖြစ်သူတို့ အမေရိကန်နိုင်ငံထံ ပျံသန်းမယ့် လေယာဉ်ပေါ် တက်လာကြတယ်။ သူတို့ကားကို မှောင်ခိုဈေးကွက်မှာ သွားရောင်းပြီး ရလာတဲ့ ဒေါ်လာ ၉၀၀ ကိုတော့ ကလေးရဲ့ ဝက်ဝံရုပ်လေးထဲမှာ ဝှက်ပြီး ယူဆောင်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကွန်မြူနစ် ဟန်ဂေရီနိုင်ငံက လွတ်မြောက်ဖို့ပေါ့။
သူကတော့ ဇီဝဓာတုဗေဒ ပညာရပ်မှာ ဒေါက်တာဘွဲ့ ရထားတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ကာရီကိုပါ။ mRNA မော်လီကျူးဟာ တစ်နေ့ကျရင် ရောဂါတွေကို တိုက်ဖျက်ရာမှာ ဆဲလ်တွေကို သင်ပေးနိုင်မယ်လို့ ယုံကြည်နေသူပါ။ အဲဒီအချိန်က ဒီလိုယုံကြည်တာ သူ တစ်ယောက်တည်းတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ယုံကြည်မှုဟာ စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ဆယ်စုနှစ် လေးခုကြာ ငြင်းပယ်ခံခဲ့ရပါတယ်။ ကာရီကိုဟာ အမေရိကန်ကို ရောက်တော့ ဖီလာဒဲလ်ဖီးယားပြည်နယ်မှ တမ်ပယ်တက္ကသိုလ်မှ သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ mRNA မော်လီကျူးအပေါ် သူ့ယုံကြည်မှုနဲ့ ပတ်သက်ပြီး အထက်အရာရှိနဲ့ မကြာခဏ အငြင်းပွားရလေ့ရှိပြီး ၄ နှစ်အကြာမှာတော့ သူ့အထက်အရာရှိက ကာရီကိုကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေထံ တရားမဝင် ဝင်ရောက်မှုနဲ့ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ကာရီကိုဟာ ပြည်နှင်ဒဏ် ပေးရခံရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့ ရှေ့နေငှားပြီး အမှုရင်ဆိုင်ဖြေရှင်းခဲ့ရတာပါ။
ဒီအမှုကြောင့် ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အလုပ်ကမ်းလှမ်းမှုလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ သူက ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ အလုပ်ဝင်လုပ်ခဲ့ပေမဲ့ mRNA မော်လီကျူးနဲ့ပတ်သက်ပြီး သုတေသန ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီသုတေသနအတွက် ရန်ပုံငွေ မပေးချင်ကြပါဘူး။ အဆင်မြင့်သိပ္ပံပညာ လေ့လာမှုတွေမှာ ရန်ပုံငွေက အသက်ပါပဲ။ ရန်ပုံငွေမရှိဘဲ သုတေသနလုပ်ဖို့ အင်မတန် ခက်ခဲပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က သူ့ကို ရာဇသံပေးလိုက်ပါတယ်။ mRNA မော်လီကျူး သုတေသနကို ရပ်တန့်မလား၊ ရာထူး လျှော့ခံမလားဆိုတာပါပဲ။ ကာရီကိုကလည်း ခေါင်းမာစွာနဲ့ပဲ ရာထူးလျှော့ခံခဲ့ပါတယ်။ အဲဒီအချိန်မှာ သူကိုယ်တိုင် ကင်ဆာရောဂါ ခံစားနေရသလို ခင်ပွန်းဖြစ်သူကလည်း ဗီဇာကိစ္စကြောင့် ဟန်ဂေရီနိုင်ငံမှာ ပိတ်မိနေတာပါ။ ဒီလိုအခြေအနေမှာ ကာရီကိုက လစာလျှော့ခံပြီး mRNA မော်လီကျူးကို သုတေသန ဆက်လုပ်ခဲ့ပါတယ်။
သူဟာ ၄ ကြိမ်တိတိ ရာထူးလျှော့ခံခဲ့ရပြီး သူ့ကိုယ်သူတောင် သံသယဝင်လာခဲ့ပါတယ်။ သိပ္ပံပညာ နယ်ပယ်ကို စွန့်ခွာဖို့အထိတောင် သူ တွေးခဲ့တာပါ။ ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာတော့ မိတ္တူကူးရင်း ဒရူးဝိုက်စမန်းနဲ့ သူ ဆုံခဲ့တယ်။ အဲဒီအချိန်တုန်းက ဝိုက်စမန်းဟာ HIV ကာကွယ်ဆေး ဖန်တီးဖို့ ကြိုးစားနေတာပါ။ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေကို ဘယ်သူကမှ စိတ်ဝင်တစား မရှိကြပါဘူး။
၂၀၀၅ ခုနှစ်မှာတော့ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ်ကို သူတို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကိုယ်ခံအားစနစ်က မဖျက်စီးနိုင်အောင် mRNA မော်လီကျူးကို ဘယ်လို အဆင့်မြှင့်တင်ရမလဲဆိုတာ သူတို့ ရှာဖွေနိုင်ခဲ့တာပါ။ ဒီအတွက် ကာကွယ်ဆေးထုတ်လုပ်ရာမှာ mRNA မော်လီကျူးကို အသုံးပြုနိုင်မယ့် လမ်းစပေါ်လာခဲ့တယ်။ သူတို့ရဲ့ တွေ့ရှိမှုကို စာတမ်းတင်သွင်းခဲ့ပေမဲ့ Nature ၊ Science နဲ့ ဆေးပညာလောကရဲ့ အထင်ကရ စာစောင်တွေက ပယ်ချခဲ့ကြပြီး Immunity စာစောင်မှာတော့ ဖော်ပြခံခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က သူ့ကို အလုပ်ထုတ်လိုက်တယ်။ ဒီအချိန်မှာ ကာရီကိုက အသက် ၅၈ နှစ်အရွယ် ရှိနေပါပြီ။ ဘယ်အမေရိကန်တက္ကသိုလ်ကမှ သူ့ကို အလုပ် မခန့်ချင်ကြပါဘူး။ ဒီလိုနဲ့ပဲ ကာရီကိုက BioNTech ဆိုတဲ့ ဂျာမနီဆေးကုမ္ပဏီလေးတစ်ခုမှာ အလုပ်ဝင်လုပ်တယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ ကမ္ဘာတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ပြီး လူသန်းချီ သေဆုံးခဲ့တယ်။ ဒီအချိန်မှာ တစ်ကမ္ဘာလုံး ကိုဗစ်ကာကွယ်ဆေးရဖို့ တက်သုတ်ရိုက် ကြိုးပမ်းကြတဲ့အခါ လူတကာ ပယ်ချခဲ့ကြတဲ့ နည်းပညာအယူအဆက အဖြေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ Pfizer-BioNTech နဲ့ Moderna ကိုဗစ်ကာကွယ်ဆေးတွေဟာ ကာရီကို တစ်စိုက်မတ်မတ် ယုံကြည်လာခဲ့တဲ့ mRNA မော်လီကျူးအပေါ် အခြေခံ ဖော်စပ်ထားကြတာပါ။ ဒီကာကွယ်ဆေး ၂ မျိုးဟာ လူသားတွေကို ထိုးနှံပေးဖို့ တရားဝင်ခွင့်ပြုပေးတဲ့ ပထမဆုံး mRNA ကာကွယ်ဆေးတွေ ဖြစ်လာခဲ့တယ်။ လူသန်းချီကိုလည်း အသက်ကယ်တင်နိုင်ခဲ့တယ်။
သူ တစ်သက်လုံး ယုံကြည်လာခဲ့တဲ့ mRNA မော်လီကျူး အလုပ်ဖြစ်ပြီဆိုတာ သိလိုက်ရချိန်မှာတော့ ကာရီကိုက ချောကလက်တစ်ဘူးလုံးကို တစ်ထိုင်တည်းစားပြီး တစ်ယောက်တည်း အောင်ပွဲခံခဲ့တယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှာတော့ ကာရီကိုနဲ့ ဝိုက်စမန်းတို့ဟာ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
နှစ်ရှည်လများ ငြင်းပယ်မှုတွေ၊ လျစ်လျူရှုမှုတွေ ကြုံခဲ့ရပေမဲ့ ဘာကြောင့် ဒီလောက်အထိ ကြံ့ကြံ့ခံနိုင်သလဲလို့ ကာရီကိုကို မေးမြန်းတဲ့အခါ သူ့အဖြေက အလွန်ရိုးရှင်းလွန်းပါတယ်။ ” အသိအမှတ်ပြုခံရဖို့ ဂရုမစိုက်ပါဘူး။ ကိုယ်ယုံကြည်တဲ့အလုပ်ကို လုပ်နေရတာကပဲ အောင်မြင်မှုတစ်ခုလို ခံစားရပါတယ်။ ငြင်းပယ်မှုတွေက ကျွန်မ မှားယွင်းတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး”လို့ ကာရီကိုက ဆိုပါတယ်။
Ref: Katalin Karikó
NZ (ရိုးရာလေး)

