ထိုင်းနဲ့လာအိုမှာ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၂၀၀၀၀ သေဆုံးနေရတယ်လို့ ဆို

23.7.2024-yyl-10.jpg

ထိုင်း၊ လာအိုနိုင်ငံတွေမှာ စားနေကြတဲ့ ရိုးရာဟင်းလျာတစ်ပွဲကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၂၀၀၀၀ ဝန်းကျင် သေဆုံးနေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ကွိုင်ပလာ (Koi Pla)ဆိုတာ ငါးအစိမ်းကို အခြေခံထားတဲ့ အသုပ်တစ်မျိုး ဖြစ်ပါတယ်။ ငါးအစိမ်းကို သံပုရာရည် ညှစ်ပြီး အရွက်တွေနဲ့ သုပ်ထားတာပါ။

ကွိုင်ပလာ ငါးသုပ်ထဲမှာ အသုံးပြုထားတဲ့ ငါးဟာ မဲခေါင်မြစ်ဝှမ်းမှာ တွေ့ရတဲ့ ရေချိုငါးတစ်မျိုးဖြစ်ပြီး အမျိုးသားတွေကို သည်းခြေပြွန်ကင်ဆာ ဖြစ်စေနိုင်တဲ့ ကပ်ပါးရောဂါပိုးတွေ ပါဝင်နေတယ်လို့ ထိုင်းနိုင်ငံ ခွန်ကိန်းတက္ကသိုလ်မှ အသည်းရောဂါ ခွဲစိတ်ဆရာဝန် နာရွန်ခွန်တီကွေ့က ပြောပါတယ်။ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမှာတင် သည်းခြေပြွန်ကင်ဆာရောဂါကြောင့် သေဆုံးသူ ၂၀၀၀၀ ဝန်းကျင် ရှိနေပါတယ်။

” ကွိုင်ပလာ ငါးသုပ်က ဒီဒေသမှာ ကျန်းမာရေးထိခိုက်စေတဲ့ အရာတစ်ခုပါပဲ။ ဒါပေမဲ့ သစ်ပင်က သစ်ရွက်ကြွေသွားသလို တိတ်တဆိတ် ဖြစ်ပျက်သွားတာကြောင့် ဘယ်သူမှ မသိကြတာပါ”လို့ နာရွန်ခွန်တီကွေ့က ဆိုပါတယ်။ ခွန်တီကွေ့ရဲ့ မိဘနှစ်ပါးလုံးဟာလည်း ဘဝတစ်လျှောက်လုံး ကွိုင်ပလာ ငါးသုပ် စားလာကြသူတွေဖြစ်ပြီး သည်းခြေပြွန်ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့တာပါ။ ဒါကြောင့် ခွန်တီကွေ့က ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကျေးလက်ဒေသကို မကြာခဏသွားပြီး ကွိုင်ပလာငါးသုပ်ရဲ့ ကျန်းမာရေးအန္တရာယ်အကြောင်း သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ဘဝတစ်လျှောက်လုံး ကွိုင်ပလာ ငါးသုပ်စားပြီး ကြီးပြင်းလာခဲ့သူတွေကတော့ အစိမ်းသုပ်မစားဘဲ ချက်ပြုတ်စားဖို့ ငြင်းဆန်နေကြဆဲပါပဲ။ တချို့တွေကဆိုရင် ဒီနည်းနဲ့ မသေလည်း တခြားသေစေနိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်လို့ တုံ့ပြန်ပြီး သတိပေးချက်ကို လက်မခံကြပါဘူး။

Ref:Koi Pla, Probably the World’s Deadliest Dish
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top