ဗင်းဆင့်ဗန်ဂိုးရဲ့ကိုယ်တိုင်ရေးပုံတူပန်းချီကားက အစစ်လို့ ဆုံးဖြတ်

yyl-022-15.jpg

နှစ်အတော်ကြာအောင် ဝေခွဲမရဖြစ်ခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံတူ ပန်းချီကားက အစစ်ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဗင်းဆင့်ဗန်ဂိုးဟာ ၁၈၈၉ ခုနှစ်မှာ စိတ်ရောဂါခံစားခဲ့ရပြီးနောက်ပိုင်း Self Portrait လို့ အမည်ပေးထားတဲ့ ပုံတူပန်းချီကားကို ရေးဆွဲခဲ့တာပါ။ ၁၉၇၀ ပြည့်နှစ်လောက်ကစပြီး အဲဒီပန်းချီကားက ဗင်းဆင့်ဗန်ဂိုးရဲ့ လက်ရာအစစ် ဟုတ်၊ မဟုတ်ဆိုတာကို သံသယဖြစ်ခဲ့ကြပါတယ်။ ဒီပန်းချီကားကို ပိုင်ဆိုင်တဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့ အမျိုးသားပြခန်းက ဗင်းဆင့်ဗန်ဂိုးရဲ့ လက်ရာ အစစ် ဟုတ်၊ မဟုတ် သိရဖို့ ပန်းချီကားကို ဟော်လန်နိုင်ငံက ပညာရှင်တွေဆီ ပို့ပေးခဲ့ပါတယ်။

အဲဒီပန်းချီကားဟာ ဖျက်ခနဲကြည့်လိုက်ရုံနဲ့ ဗင်းဆင့်ဗန်ဂိုးနဲ့ တူတာကို သတိထားမိနိုင်ပေမဲ့ အဲဒီကာလမှာ ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေနဲ့ နှိုင်းယှဉ်ရင် အရောင်မှိန်တွေ သုံးထားတာ၊ စုတ်ချက်တွေက လက်စမသတ်ရသေးသလိုဖြစ်နေတာတွေကြောင့် သံသယဖြစ်ခဲ့တာပါ။ ဟော်လန်နိုင်ငံရဲ့ ပညာရှင်တွေက ကန်းဗတ်စကို X-ray သုံးပြီး ခွဲခြမ်းစိတ်ဖြာတာ၊ စုတ်ချက်တွေကို လေ့လာတာ၊ ဗင်းဆင့်ဗန်ဂိုးက သူ့ညီ သီအိုဗန်ဂိုးထံ ပေးပို့တဲ့တွေကို ဖတ်ရှုကောက်နုတ်ပြီး ဗင်းဆင့်ဗန်ဂိုးရဲ့လက်ရာအစစ်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ၁၈၈၉ ခုနှစ်က သီအိုဗန်ဂိုးထံ ပေးပို့တဲ့စာထဲမှာ နေမကောင်းဖြစ်နေတုန်း ကိုယ်တိုင်ရေးပုံတူပန်းချီကား ရေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ ဗင်းဆင့်ဗန်ဂိုးက ပြောပါတယ်။ ဗင်းဆင့်ဗန်ဂိုးဟာ ၁၈၈၉ ခုနှစ်နွေရာသီနှောင်းပိုင်းက ပြင်သစ်နိုင်ငံ စိန့်ရီမီဒေသမှာ ခိုလှုံနေတုန်း အဲဒီပန်းချီကားကို ရေးဆွဲခဲ့တာလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top