ဂျပန်နိုင်ငံကိုသွားရောက်လည်ပတ်ရင် လုံးဝမလုပ်သင့်တဲ့အရာများ

48051543_396198211124147_8698994798171783168_n.jpg

ဂျပန်န်ိုင်ငံဟာ လူအတော်တော်များများရဲ့ ခရီးသွားမဲ့စာရင်းထဲမှာ နေရာယူထားပါတယ်။ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ခရီးသွားတွေအတွက် အပြုအမူတွေ၊ လိုက်နာရမဲ့ စည်းကမ်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေနဲ့ စကားပြောဆိုဆက်ဆံရတော့မယ်ဆိုရင် လိုက်နာရမဲ့ စည်းကမ်းကျင့်ဝတ်တွေကိုလည်း သိထားသင့်ပါတယ်။

၁။ အမှိုက်ကိုစည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း

ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ အသန့်ရှင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း သန့်ရှင်းတယ်ဆိုပြီး နာမည်ကြီးလှပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ အမှိုက်စွန့်ပစ်တာဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ အရာရာတိုင်းကို ပြန်လည်သုံးစွဲလို့ရတာတွေ၊ မီးရှို့ရမဲ့ပစ္စည်းတွေ၊ မရှို့ရမဲ့ပစ္စည်းတွေဆိုပြီး အသေးစိတ်အမျိုးအစား ခွဲခြားထားပါတယ်။ နေရာကိုလိုက်ပြီး အမှိုက်ပုံးတွေ အမျိုးအစားအများကြီးခွဲထားပါတယ်။ သင်ဂျပန်နိုင်ငံကို ရောက်ခဲ့ရင် အမှိုက်အမျိုးအစားကို ဖော်ပြထားတဲ့ အမှိုက်ပုံးတွေမှာပုဲ အမှိုက်စွန့်ပစ်ပါ။

၂။ မီးရထားနဲ့ ဓာတ်လှေကားတွေထဲမှာ စကားကျယ်လောင်စွာပြောခြင်း

ဂျပန်လူမျိုးတွေဟာ မီးရထား၊ ဓာတ်လှေကားလိုမျိုး လူသူထူထပ်တဲ့နေရာမျိုးတွေမှာ ဆူဆူညံညံလုပ်ရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပါတယ်။ သင်ရထားစီးတော့မယ်ဆိုရင် ခရီးသည်များကို သူတို့ရဲ့ဖုန်းတွေပိတ်ထားဖို့ ဒါမှမဟုတ် အသံပိတ်ထားဖို့တောင်းဆိုတဲ့ ကြေညာချက်ကို ကြားရမှာပါ။ တကယ်လို့ ရထားစီးနေတုန်း တစ်ယောက်ယောက်ရဲ့ဖုန်းမြည်ခဲ့မယ်ဆိုရင် မြန်မြန်အသံပိတ်လိုက်တာကို သတိထားမိနိုင်ပါတယ်။

၃။ စက်လှေကားရဲ့အလယ်မှာ ရပ်စီးခြင်း

ဂျပန်မှာ စက်လှေကားစီးတော့မယ်ဆိုရင် အမြန်လိုနေတဲ့သူတွေကို ဖယ်ပေးနေတဲ့ပုံစံမျိုးနဲ့ တစ်ဖက်တည်းမှာရပ်နေတာကို တွေ့နိုင်ပါတယ်။ ကန်ဆိုင်း (Kensai) ကလူတွေက စက်လှေကားညာဘက်မှာ ရပ်ကြပြီးတော့ ကန်တို (Kento) ကပြည်သူတွေဆိုရင် စက်လှေကား ဘယ်ဘက်မှာရပ်ကြပါတယ်။ ဒါကြောင့် သင့်ရောက်နေတဲ့နေရာကိုလိုက်ပြီး နည်းနည်းတော့ ကွာခြားမှုရှိမှာပါ။

၄။ ထမင်းစားခန်းနဲ့ စားသောက်ဆိုင်မှ စားစရာတွေကို အပြင်ကိုသယ်သွားခြင်း၊ ယူလာခြင်း

ဂျပန်နိုင်ငံမှာ နောက်တစ်ချက် သတိထားရမှာကတော့ အစားအစာတွေနဲ့ သောက်စရာတွေကို စားသောက်ဆိုင်တွေ၊ ထမင်းစားခန်းတွေကနေ ယူသွားတာတို့၊ သယ်သွားတာတို့ပဲ ဖြစ်ပါတယ်။ ဆိုင်ကခွင့်ပြုထားရင်တောင်မှ မလုပ်သင့်ပါဘူး။ ဂျပန်လူမျိုးတွေဟာ သူတို့ပြုလုပ်လိုက်တဲ့ အစားအစာရဲ့ အရည်အသွေးနဲ့ မီးဖိုချောင်သန့်ရှင်းမှုကို အင်မတန်စေ့စပ်သေချာကြပါတယ်။ စားသုံးသူတစ်ယောက်ယောက်က စားသောက်ဆိုင်ထဲကို ယူဆောင်လာတဲ့ အစားအသောက်ကြောင့် အစာအဆိပ်သင့်တာမျိုး ဖြစ်ခဲ့တယ်ဆိုရင် စားသုံးသူရောက်နေတဲ့ဆိုင်ကို ယာယီပိတ်ပစ်လိုက်နိုင်လို့ပါ။

၅။ ကီမိုနိုဝတ်စုံကို သေချာမဝတ်ခြင်း

ကီမိုန်ိုဝတ်စုံဟာ သပ်သပ်ရပ်ရပ်ဝတ်ရင် တော်တော်လှတဲ့ဝတ်စုံမျိုးဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ရိုးရာဝတ်စုံကို လှလှပပသပ်သပ်ရပ်ရပ် ဝတ်လေ့ရှိကြပါတယ်။ ကီမိုနိုရဲ့ဘယ်ဘက်ခြမ်းကို အပေါ်မှာထားပြီးဝတ်ရပြီးတော့ ညာဘက်ခြမ်းကို အပေါ်မှာထားပြီး ဝတ်ထားတယ်ဆိုတာ သေဆုံးသွားတဲ့သူတွေကို ဈာပနအခမ်းအနားမှာ ဝတ်ပေးတာ ဖြစ်ပါတယ်။ ကီမိုနိုဝတ်တဲ့အခါ သင့်ရဲ့ညာဘက်လက်ဟာ ဝတ်စုံထဲကို လွယ်လွယ်ကူကူသွင်းလို့ရပြီဆိုရင် မှန်မှန်ကန်ကန်ဝတ်ထားတာ ကျိန်းသေနေပါပြီ။

၆။ ထမင်းပန်းကန်လုံးထဲမှာ တူထည့်ထားခြင်း

အစာစားနေတဲ့အချိန် တူကိုထမင်းပန်းကန်လုံးထဲမှာ ထည့်ထားပြီဆိုရင် ကတိဖောက်ဖျက်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် သင်အစာစားနေတဲ့အချိန် တူကိုချထားချင်ရင် တူထည့်တဲ့နေရာ ဒါမှမဟုတ် ပန်းကန်ရဲ့ဘေးမှာ ထားရပါမယ်။

၇။ အစားအစာကို တစ်ယောက်နဲ့တစ်ယောက် တူနဲ့ညှပ်ပေးခြင်း

ဒီအချက်ဟာလည်း ဂျပန်ဈာပနအခမ်းအနာတွေနဲ့ သက်ဆိုင်နေပါတယ်။ ပြီးတော့ ဒီလိုပြုလုပ်တာကို ဆိုးရွားတဲ့အပြုအမူလို့လည်း သတ်မှတ်ကြပြီး ကံမကောင်းမှုတွေ ယူဆောင်လာတတ်တယ်လို့ ဆိုကြပါတယ်။ အစားအစာထည့်ပေးချင်တယ်ဆိုရင် ပထမဆုံး ပန်းကန်ထဲထည့်ပြီးမှ ပေးသင့်ပါတယ်။

Ref: elitereaders.com “7 things you should never do when in Japan”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top