မြေဖြူအမှတ်အသားတစ်ခုအတွက် ဒေါ်လာ ၁၀၀၀၀ တောင်းခဲ့သူ

dalor.jpg

သူဌေးကြီး ဟင်နရီဖို့ဒ် ပိုင်ဆိုင်တဲ့  ကမ္ဘာကျော် ကားထုတ်လုပ်ရေးကုမ္ပဏီ (Ford Motor Company)ရဲ့ စက်ရုံတစ်ခုမှာ မီးစက်ပျက်သွားလို့ ထုတ်လုပ်ရေးယန္တယားတစ်ခုလုံး ရပ်တန့်သွားတယ်။ ဖို့ဒ်ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေ ပြင်ကြည့်တော့လည်း မရဘူး။ အမေရိကန်နိုင်ငံမှာ အတော်ဆုံးဆိုတဲ့ စက်ပြင်ဆရာတွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်ပြင်တာလည်း ထူးခြားမလာဘူး။

ဧရာမ မီးစက်ကြီး ပျက်သွားပြီး လုပ်ငန်း ရပ်တန့်သွားတာကြောင့် နာရီနဲ့အမျှ ဝင်နေတဲ့ ဝင်ငွေစီးကြောင်းလည်း တန့်နေခဲ့တယ်။ ဘယ်လိုမှ မရတဲ့အဆုံး ဂျာမန်နွယ်ဖွား လျှပ်စစ်အင်ဂျင်နီယာ ချားစတိန်းမက်ဇ်ကို ခေါ်ပြင်ကြည့်ဖို့ ဖြစ်လာတယ်။ မျိုးဗီဇလိုက်တဲ့ အရပ်ပုရောဂါ (dwarfism) ကြောင့် အရပ် ၄ ပေပဲ ရှည်တဲ့ စတိန်းမက်ဇ်ဟာ သင်္ချာနဲ့ လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်တွေမှာတော့ သူမတူအောင် ထူးချွန်သူပါ။

Ford River Rouge စက်ရုံကို သူ ရောက်လာတော့ မှတ်စုစာအုပ် တောင်းပြီး မီးစက်ရှေ့မှာ ထိုင်ခုံလေးနဲ့ ထိုင်နေတယ်။ ဘယ်အစိတ်အပိုင်းကိုမှ မဖြုတ်ဘူး။ စက်သံ နားထောင်တယ်။ တစ်ချက်တလေ မီးစက်ကိုယ်ထည်အခွံကို စမ်းကြည့်တယ်။ အဲဒီလို ထိုင်စဉ်းစားနေတာ နာရီပေါင်းတော်တော်ကြာတယ်။ ‌နောက်တော့ မြေဖြူခဲ တောင်းပြီး မီးစက်ကိုယ်ထည်အခွံမှာ X လို့ ရေးလိုက်တယ်။

” ဒီနားကို ဖွင့်လိုက်၊ ၁၆ ပတ် ပတ်ထားတဲ့ ကွိုင်ကို တွေ့လိုက်မယ်။ အဲ့ကွိုင်ကို အသစ်လဲလိုက်”လို့ စတိန်းမက်ဇ်က ပြောလိုက်တယ်။ ဖို့ဒ်ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေက ‘ သေချာလှချည်လား။ ဟုတ်ရော ဟုတ်ပါ့မလား’ဆိုတဲ့ သံသယစိတ် ဖြစ်နေကြတယ်။ ဒါပေမဲ့ အမှတ်အသားလုပ်ထားတဲ့ နေရာကို ဖွင့်လိုက်တော့ စတိန်းမက်ဇ်ပြောတဲ့အတိုင်း ၁၆ ပတ် ပတ်ထားတဲ့ကွိုင်ကို တွေ့တယ်။ အဲဒီကွိုင်ကို အသစ်လဲလိုက်တာနဲ့ မီးစက် ပြန်ကောင်းသွားတယ်။

ရက်အနည်းငယ်ကြာတော့ စတိန်းမက်ဇ်ဆီကနေ မီးစက်ပြင်ခ တောင်းခံတဲ့ပြေစာ ရောက်လာတယ်။ ” ဒေါ်လာ ၁၀၀၀၀ ” ကျသင့်တယ်လို့ ရေးထားတယ်။ ၁၉၂၀ ပြည့်နှစ်က ဒေါ်လာ ၁၀၀၀၀ ဆိုတာ ဒီကာလ ငွေကြေးနဲ့တွက်ရင် ဒေါ်လာ ၁ သိန်းခွဲလောက် ရှိတယ်။ ဟန်နရီဖို့ဒ်က ဒီပြေစာကို စာလေးတကြောင်းရေးပြီး ပြန်ပို့လိုက်တယ်။ ” ပြင်ဆင်စရိတ် စာရင်းလေး ပေးပါ”လို့ ရေးထားတာပါ။

စတိန်းမက်ဇ်ရဲ့ ပြန်စာက သမိုင်းတွင်ခဲ့တယ်။ ” မြေဖြူ အမှတ်အသားရာအတွက် ၁ ဒေါ်လာ၊ ဘယ်နေရာမှာ အမှတ်အသား လုပ်ရမလဲဆိုတာ သိနားလည်မှုအတွက် ၉၉၉၉၉ ဒေါ်လာ” လို့ စာပြန်ခဲ့တာပါ။ ဒီပြန်စာကို ရတာနဲ့ ဟင်နရီဖို့ဒ်က ဘာမှစောဒက မတက်တော့ဘဲ ဒေါ်လာ ၁၀၀၀၀ လွှဲပေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ” စတိန်းမက်ဇ် တောင်းခံတဲ့ ငွေပမာဏကို မီးစက်ပြင်ဖို့ ကြာမြင့်တဲ့အချိန်နဲ့ တိုင်းတာလို့မရဘဲ သူ့ရဲ့ကျွမ်းကျင်မှုနဲ့သာ တွက်ရမယ်ဆိုတာကို” ဟန်နရီဖို့ဒ် သဘောပေါက်ခဲ့လို့ပါပဲ။

ပြဿနာရဲ့ဇစ်မြစ်ကို အချိန်တိုတိုလေးအတွင်းမှာ ရှာဖွေနိုင်ဖို့ ပညာရှင်တွေက လေ့လာ စူးစမ်း ရှာဖွေခဲ့ရတဲ့အချိန်နဲ့ ပေးဆပ်ခဲ့ရတဲ့အရာတွေ အများကြီးပါပဲ။

Ref: Making chalk mark: $1, Knowing where to put it: $9,999

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top