ဇနီးသည်ရဲ့ချစ်သူကို အိမ်ခေါ်လာခွင့်ပေးပြီး တစ်အိမ်တည်း အတူနေခွင့်ပေးတဲ့ ဂျပန်အမျိုးသား

30.7.2024-yyl-5.png

၃ နှစ်ကြာ ပေါင်းသင်းလာတဲ့ ဇနီးသည်က ချစ်သူအသစ်ထားပြီး အိမ်ခေါ်လာတာကို ခွင့်ပြုပေးခဲ့တဲ့ ဂျပန်အမျိုးသားအကြောင်း အွန်လိုင်းမှာ လူပြောများနေပါတယ်။ Prince Soy လို့ အမည်ရတဲ့ ဂျပန်စားဖိုမှူးဟာ ပဲအနှစ် ထုတ်လုပ်ပြီး အွန်လိုင်းမှာ ရောင်းချနေသူပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့မှာတော့ Prince Soy က နိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့ သူ့ဇနီး ပြန်လာတော့မယ့်အကြောင်း၊ သူ့ဇနီးနဲ့အတူ ချစ်သူသစ်လည်း သူ့အိမ်ကို လိုက်လာမယ့်အကြောင်း တွစ်တာပေါ် တင်ခဲ့ရာမှာ ဒီအကြောင်းက ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

Prince Soy ဟာ သူ့ဇနီးရဲ့ ချစ်သူသစ် အိမ်လိုက်တာတဲ့အကြောင်း ဗီဒီယိုတွေ ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ Prince Soy ရဲ့ဇနီး ဆိုင်ရာဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက သြစတြေးလျနိုင်ငံမှာ ပညာသွားသင်ခဲ့ပြီး ဂျပန်နိုင်ငံသားတစ်ဦးနဲ့ ဆုံစည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာတော့ အဲဒီသူနဲ့ ချစ်ကြိုက်သွားခဲ့သလို ဒီအကြောင်းကိုလည်း Prince Soy ထံ ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် ကိုယ့်ဇနီး ချစ်သူသစ်ထားတာကို စိတ်ဆိုး၊ ဒေါသထွက်ကြမှာဖြစ်ပေမဲ့ Prince Soy က သဘောတူကြည်ဖြူတဲ့အပြင် သူ့ဇနီးရဲ့ချစ်သူကို မွေးနေ့လက်ဆောင်အဖြစ် Starbucks ကူပွန်တွေတောင် လက်ဆောင်ပေးခဲ့ပါသေးတယ်။

ဇူလိုင်လ ၁၂ ရက်မှာတော့ Prince Soy က ဇနီးသည် ဆိုင်ရာနဲ့ သူ့ချစ်သူကို လေဆိပ်မှာ သွားကြိုတဲ့အကြောင်း ဗီဒီယိုတင်ခဲ့ပြီး သူတို့အိမ်မှာ လိုက်နေတဲ့အကြောင်း ဗီဒီယိုတွေလည်း တင်ခဲ့ပါတယ်။ Prince Soy နဲ့ ဆိုင်ရာက အိမ်ခန်းထဲမှာ အိပ်ပြီး သူ့ချစ်သူကတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်တယ်လို့ ဆိုပါတယ်။ တစ်ရက်မှာတော့ ဆိုင်ရာနဲ့ သူ့ချစ်သူ စကားများလို့ ကြားဝင်ဖျန်ဖြေပေးခဲ့ရသေးတယ်လို့ Prince Soy က ပြောပါတယ်။

သူ့ဇနီးက အခုလို ချစ်သူတွေထားတတ်ပေမဲ့ ဘယ်သူကမှ သူ့နှလုံးသားထဲ နေရာမယူနိုင်ဘူး၊ ဆိုင်ရာရဲ့ချစ်သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ Prince Soy က ဆိုပါတယ်။ Prince Soy ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တချို့တွေက သူ့ရဲ့ နားလည်လက်ခံပေးနိုင်မှုကို ချီးကျူးကြသလို တချို့ကလည်း နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးထားပါတယ်။

Ref:Married Woman Living Under Same Roof with Husband and Boyfriend Sparks Controversy
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top