တနင်္ဂနွေနေ့တိုင်း လုပ်အားခမယူဘဲ ဘတ်စ်ကားမောင်းပေးလေ့ရှိတဲ့ ဥပဒေကျောင်းသူလေး

15-8-2022-yyl10.jpg

အိန္ဒိယနိုင်ငံ၊ ကိုချီမြို့က အသက် ၂၁ နှစ်အရွယ် အန် မယ်ရီ အန်ဆာလန်ဟာ Ernakulam Law College မှာ ပညာသင်ယူနေတဲ့ ဥပဒေကျောင်းသူလေးတစ်ယောက်ပါ။ သူက တနင်္ဂနွေနေ့ဆိုရင် Hey Day အမည်ရတဲ့ ဘတ်စ်ကားကို လုပ်အားခမယူဘဲ မောင်းပေးပါတယ်။ လူစည်ကားတဲ့ Kakkanad-Perumbadappu လမ်းကို ဖြတ်သန်းမောင်းနှင်ပါတယ်။ သူက လော်ရီ၊ ထရပ်ကား၊ ဘတ်စ်ကားတွေလို ယာဉ်တွေနဲ့ပတ်သက်လာရင် ရူးသွပ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဘတ်စ်ကားကို လုပ်အားခမယူဘဲ မောင်းပေးတာပါ။

သူ့အသက် ၁၅ နှစ်မှာ သူ့ဖခင်ရဲ့ Royal Enfield Bullet ဆိုင်ကယ်နဲ့ စီးနည်းသင်ယူခဲ့တဲ့အချိန် ယာဉ်တွေမောင်းရတာ ကြိုက်နှစ်သက်လာခဲ့တာပါ။ နောက်တော့ ကားမောင်းနည်းလည်း သင်ယူခဲ့ပါတယ်။ အန်က တနင်္ဂနွေနေ့တိုင်း ဘတ်စ်ကားမောင်းပေးပြီး အခြားရက်တွေဆိုရင်တော့ အခြားသူမောင်းတဲ့ ဘတ်စ်ကားကို ပိုင်ရှင်ရဲ့အိမ်ဆီ မောင်းပို့ပေးပါတယ်။ ဘတ်စ်ကားမောင်းသမားက အနီးနားက ဆီဆိုင်တစ်ဆိုင်မှာ ကားကိုရပ်ထားတယ်။ အန်က အတန်းပြီးရင် အဲဒီကားကို ပိုင်ရှင်ရဲ့အိမ်ဆီ မောင်းပြီးပို့ပေးပါတယ်။ ကားပိုင်ရှင်က သူ့ရဲ့အိမ်နီးနားချင်းလည်းဖြစ်တယ်။

အန်က ဘတ်စ်ကားစမောင်းတဲ့အချိန်ကို အခုလို ပြောပြပါတယ်။ “ကျွန်မ ဘတ်စ်ကားမောင်းခဲ့တဲ့ ပထမရက်ကို မှတ်မိနေတုန်းပါပဲ။ အမျိုးသမီးတစ်ယောက် မောင်းနေတာ မြင်တော့ လူတွေက ထိတ်လန့်နေကြတယ်။ အစောပိုင်းတွေတုန်းက ကျွန်မက သူတို့အတွက် အသစ်အဆန်းဖြစ်နေတယ်။ လူတော်တော်များများက အမျိုးသမီးတစ်ယောက်မောင်းတာမြင်တော့ ကြောက်ကြတယ်။ ကားမတော်တဆဖြစ်မယ်လို့ သူတို့က တွေးခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ တနင်္ဂနွေနေ့ဆို ဒီလမ်းကြောင်းမောင်းမယ့် ကျွန်မကို မြင်ရတာ သူတို့တွေ နေသားကျနေပါပြီ”

အစပိုင်းမှာ အခြားကားမောင်းသမားတွေက အမျိုးသမီးတစ်ယောက်မောင်းတာကို သဘောမကျကြဘူး။ အန်ရဲ့ဘတ်စ်ကားနောက် လိုက်ပြီး ကျော်တတ်ဖို့ ကြိုးစားကြတယ်။ သူ့ကို ဆိုးဆိုရွားရွားတွေ ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ ကားမောင်းသမားတွေ၊ စပယ်ယာတွေနဲ့ သူငယ်ချင်းတွေဖြစ်နေပါပြီ။ ကားမောင်းပြီးရင် အတူတူစားကြသောက်ကြတယ်။

အန်က သူ့မိဘတွေဆီကနေ ပံ့ပိုးမှုအပြည့် ရထားပါတယ်။ သူ့ကို တွန်းအားပေးခဲ့သူက သူ့ရဲ့အိမ်နီးနားချင်း ဆာရက်သ် အန် အက်စ်ပါပဲ။ ဘတ်စ်ကားကို ဘယ်လိုမောင်းရတယ်။ ဘယ်လို ထိန်းရတယ်။ စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ခွင့်ပေးပါတယ်။ အခုဆို အန် ဘတ်စ်ကားမောင်းတာ (၈) လလောက်ရှိပါပြီ။ ဘတ်စ်ကားသွားတဲ့ လမ်းကြောင်းတွေနဲ့လည်း အကျွမ်းတဝင်ဖြစ်နေပါပြီ။

Ref: Meet Ann Mary, A 21-Year-Old Law Student From Kochi Who Drives Bus For Free Every Sunday

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top