ဘာသာစကားပေါင်း ၄၀၀ ကို ရေးတတ်၊ ဖတ်တတ်၊ စာရိုက်တတ်တဲ့ လူငယ်လေး

28.1.2025-yyl-5.jpg

အိန္ဒိယနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် လူငယ်လေးဟာ ဘာသာစကားပေါင်း ၄၀၀ ကို ရေးတတ်၊ ဖတ်တတ်၊ ကွန်ပျူတာနဲ့ စာရိုက်တတ်တာကြောင့် ကမ္ဘာတစ်ဝန်းမှ ဘာသာဗေဒပညာရှင်တွေရဲ့ အထင်ကြီးလေးစားခြင်း ခံနေရတဲ့အပြင် ဆုတံဆိပ်တွေ၊ စံချိန်တွေလည်း ပိုင်ဆိုင်ထားပါတယ်။

ချန်နိုင်းမြို့မှာ နေထိုင်တဲ့ မာမွတ်အခရမ်ဟာ ဘာသာစကား ၁၆ မျိုး ပြောနိုင်စွမ်းရှိတဲ့ ဖခင်ဖြစ်သူရဲ့ သင်ကြားပို့ချမှုကြောင့် ငယ်စဉ်ကတည်းက ဘာသာစကားမျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာပါ။ အခရမ်ဟာ အသက် ၄ နှစ်အရွယ်ကတည်းက မိဘနှစ်ပါးထံကနေ တမီးလ်နဲ့ အင်္ဂလိပ်အက္ခရာတွေကို သင်ယူလေ့လာခဲ့ပြီး အင်္ဂလိပ်အက္ခရာတွေကို ၆ ရက်တည်းနဲ့ ကျွမ်းကျင်သွားခဲ့တာပါ။

သာမန်အားဖြင့် တမီးလ်အက္ခရာ ၂၉၉ လုံးကို လနဲ့ချီ လေ့လာသင်ယူရလေ့ ရှိပေမဲ့ အခရမ်ကတော့ ရက်သတ္တပတ် ၃ ပတ်တည်းနဲ့ တတ်မြောက်သွားခဲ့တာပါ။ သူဟာ အသက် ၆ နှစ်အရွယ်မှာတင် ဖခင်ဖြစ်သူ တတ်မြောက်ထားတဲ့ ဘာသာစကားအားလုံးကို လေ့လာသင်ယူပြီးသား ဖြစ်နေခဲ့ပြီး နောက်ထပ်ဘာသာစကားတွေကို ကိုယ်တိုင်ကိုယ်ကျ သင်ယူလေ့လာခဲ့တာဖြစ်ပါတယ်။

သူဟာ အသက် ၆ နှစ်ကနေ ၈ နှစ်ကြားအရွယ်မှာ ဘာသာစကား ၅၀ အထိ သင်ယူနိုင်ခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာတော့ ဘာသာစကားမျိုးစုံကို ကွန်ပျူတာနဲ့စာရိုက်နိုင်စွမ်းရှိတဲ့ အသက်အငယ်ဆုံးအဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။အသက် ၁၀ နှစ်အရွယ်မှာတော့ အိန္ဒိယနိုင်ငံတော်သီချင်းကို ၁ နာရီအတွင်း ဘာသာစကားအမျိုး ၂၀ နဲ့ ရေးပြခဲ့ပြီး ဒုတိယမြောက် ကမ္ဘာ့စံချိန် ထပ်ရခဲ့တာပါ။ အသက် ၁၂ နှစ်အရွယ်မှာ ဘာသာစကား ၄၀၀ ကို ရေးတတ်၊ ဖတ်တတ်၊ စာရိုက်နိုင်စွမ်းရှိပြီး ဘာသာစကားပညာရှင် ၇၀ ကို ယှဉ်ပြိုင်ကျော်ဖြတ်ကာ ဂျာမနီနိုင်ငံမှာ တတိယမြောက် ကမ္ဘာ့စံချိန် ရရှိခဲ့တာ ဖြစ်ပါတယ်။

အခရမ်ဟာ သူနဲ့ရွယ်တူကလေးတွေလို သာမန်စာသင်ကျောင်းမှာ ပညာသင်ချင်ပေမဲ့ အစိုးရကျောင်းတွေက သူ့ကို လက်မခံခဲ့ကြပါဘူး။ အဲဒီအတွက် သူဟာ အလွတ်သင်ပညာရေးအမျိုးသားသိပ္ပံကျောင်းမှာ ပညာသင်ယူပြီး စာမေးပွဲတွေ ဝင်ရောက်ဖြေဆိုခဲ့ရတာပါ။

ဒီနေ့အချိန်မှာတော့ အက်ခရမ်ဟာ ဗြိတိန်နိုင်ငံ မီလ်တန်ကင်းစ်မြို့ အလွတ်ပညာရေးတက္ကသိုလ်မှ ဘာသာဗေဒဘွဲ့၊ အင်္ဂလိပ်စာပေဆိုင်ရာ ဘီအေဘွဲ့၊ အလာဂက်ပါတက္ကသိုလ်မှ Animation ဆိုင်ရာ သိပ္ပံဘွဲ့တွေအပါအဝင် ဘွဲ့အများအပြား ရယူနိုင်ရေး ကြိုးပမ်းလျက် ရှိပါတယ်။

Ref:Meet the 19-YO, Who Can Read, Write & Type 400 Languages
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply