ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅၀ ကျော် မျောပါသွားတဲ့ အမျိုးသမီးကို ၃၇ နာရီအကြာမှာ ကယ်တင်နိုင်ခဲ့

14.7.2024-yyl-2.jpg

ဂျပန်ကမ်းခြေမှာ ရေကူးနေတုန်း ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅၀ ကျော် မျောပါသွားတဲ့ တရုတ်အမျိုးသမီးကို ၃၇ နာရီအကြာမှာ ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် ၂၀ ဝန်းကျင် အမျိုးသမီးဟာ ပြီးခဲ့တဲ့တနင်္လာနေ့ညက ဂျပန်နိုင်ငံ ရှီမိုဒါကမ်းခြေမှာ ရေကူးနေတုန်း အားပြင်းတဲ့ ဆွဲချရေစီးကြောင်းကြောင့် ပင်လယ်ထဲ မျောပါသွားခဲ့တာပါ။

သူ့သူငယ်ချင်းက လူပျောက်တိုင်ကြားခဲ့ပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အပူတပြင်း ရှာဖွေခဲ့ပါတယ်။ ၃၆ နာရီအကြာမှာတော့ ကုန်တင်သင်္ဘောတစ်စီးက သမုဒ္ဒရာထဲ မျောပါနေတဲ့ အမျိုးသမီးကို တွေ့ရှိခဲ့တာပါ။ အဲဒီနောက်မှာ ကုန်တင်သင်္ဘောက ဒီလမ်းကြောင်းကို ဖြတ်သန်းသွားမယ့် LPG tanker, Kakuwa Maru No. 8 သင်္ဘောထံ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

Kakuwa Maru No. 8 သင်္ဘောပေါ်မှာ သင်္ဘောသားနှစ်ဦးဟာ ၆.၅ ပေမြင့်မားတဲ့ လှိုင်းလုံးကြီးတွေ ပုတ်ခတ်နေစဉ်မှာ ရေထဲ ခုန်ချသွားပြီး အမျိုးသမီးကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီအချိန်မှာ အမျိုးသမီးက ကိုယ်ဖော့ထားနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတာကြောင့် လက်မလျှော့ဖို့ အော်ဟစ်အားပေးခဲ့ကြပြီး သူရှိရာကို ကူးခတ်သွားခဲ့ကြတာပါ။ အဲဒီနောက် သူ့ခန္ဓာကိုယ်ကို ကြိုးနဲ့ရစ်သိုင်းပြီး သင်္ဘောပေါ် ဆွဲတင်နိုင်ခဲ့ကြပါတယ်။

အဲဒီကတစ်ဆင့် ကမ်းခြေစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်ခဲ့တာပါ။ အမျိုးသမီးဟာ ရေဓာတ်ခန်းခြောက်နေပုံရပေမဲ့ ကျန်းမာရေးကောင်းနေဆဲပါပဲ။ ရေထဲမှာ အချိန်ကြာမြင့်စွာ မျောပါခဲ့လို့ အပူချိန် အလွန်အမင်းကျဆင်းတာ၊ သင်္ဘောတွေနဲ့ တိုက်မိတာ အစရှိတဲ့ ဘေးအန္တရာယ်တွေ ကြုံခဲ့ပေမဲ့ အခုလို အသက်ရှင်လွတ်မြောက်ခဲ့တာကတော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။

Ref: Miraculous Rescue: Woman Swept Out To Sea Found After 37 Hours Adrift
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top