သမားရိုးကျစိုက်ပျိုးနည်းထက် အဆ ၁၀၀ အထွက်များပြီး ရေလိုအပ်ချက် ၉၅ ရာခိုင်နှုန်း လျှော့ချနိုင်မယ့် Pink Farms

15-9-2020-yyl-012.jpg

မြေနေရာနဲ့ ရေ လိုအပ်ချက် လျှော့ချနိုင်မယ့် နည်းပညာသစ် အထပ်လိုက်စိုက်ခင်းကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ တီထွင်ဖန်တီးမှုသစ်တွေ ဆက်လုပ်နေပါတယ်။ Pink Farms လို့ အမည်ပေးထားတဲ့ အဲဒီစိုက်ခင်းကို ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ ဖန်တီးထားတာပါ။ နေရောင်ခြည် မထိနိုင်တဲ့ အဆောက်အအုံတွင်း စိုက်ခင်းဖြစ်လို့ အနီရောင်နဲ့ အပြာရောင် မီးတွေထွန်းညှိထားပြီး သီးနှံကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့ အပူချိန်၊ စိုထိုင်းဆ၊ လေထုအရည်အသွေးတွေကို စနစ်တကျ ထိန်းချုပ်ထားပါတယ်။

လူဦးရေ ၁၂ သန်း နေထိုင်တဲ့ ဆော်ပေါ်လိုမြို့မှာ စိုက်ပျိုးမြေရှားပါးပြီး စားနပ်ရိက္ခာတွေကို တခြားဒေသတွေကနေ တင်သွင်းနေရပါတယ်။ အဲဒီအတွက် ၂၀၁၆ ခုနှစ်မှာ ဘရာဇီးအင်ဂျင်နီယာ ၃ ဦးက Pink Farms စီမံကိန်း စတင်ဖို့ ရန်ပုံငွေစုဆောင်းခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ စတင်စိုက်ပျိုးခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ စိုက်ခင်းကနေ သီးနှံတွေထွက်ရှိခဲ့ပြီး စားသောက်ဆိုင်တွေကို ရောင်းချခဲ့ပါတယ်။ Pink Farms စိုက်ခင်းမှာ ၁၀ ထပ်အမြင့်နဲ့ ၈ ထပ်အမြင့်ရှိတဲ့ တာဝါနှစ်လုံးပါဝင်ပြီး တာဝါတစ်ထပ်ရဲ့ အကျယ်အဝန်းကတော့ နေအိမ်အခန်းတစ်ခုစာလောက် ကျယ်ဝန်းပါတယ်။ အဲဒီစိုက်ခင်းမှာ လောင်းပြီးသား ရေကို ထပ်ဖန်တလဲလဲ ပြန်လည်အသုံးပြုလို့ သမားရိုးကျစိုက်ခင်းတွေနဲ့ နှိုင်းယှဉ်ရင် ရေအကုန်အကျ ၉၅ ရာခိုင်နှုန်းသက်သာပြီး အရွယ်အစားတူတဲ့ သမားရိုးကျစိုက်ခင်းထက် သီးနှံအထွက်နှုန်း အဆ ၁၀၀ ပိုများပါတယ်။ သမားရိုးကျ စိုက်ခင်းတွေနဲ့ယှဉ်ရင် ဓာတ်မြေသြဇာ သုံးစွဲရမှု ၅၀ ရာခိုင်နှုန်း နည်းပါးတဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်ပါတယ်။

Pink Farms ဟာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင် စားသောက်ဆိုင်တွေကို လတ်ဆတ်တဲ့ သီးနှံတွေ ရောင်းချပေးနိုင်ခဲ့ပေမဲ့ ကပ်ရောဂါကာလမှာတော့ အွန်လိုင်းကတစ်ဆင့် ရောင်းချတဲ့ပုံစံ ပြောင်းလဲခဲ့ပါတယ်။ သူတို့ရဲ့ထွက်ကုန်တွေထဲမှာ အာဟာရပြည့်ဝပြီး အရသာကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက် အပင်ပေါက်ရောင်းချမှုပုံစံသစ်တစ်ရပ်ကိုလည်း ဖန်တီးခဲ့ပါတယ်။ Pink Farms ရဲ့ စိုက်ပျိုးနည်းဟာ သမားရိုးကျ စိုက်ပျိုးရေးနည်းလမ်းနေရာမှာ အစားထိုးဝင်ရောက်နိုင်လိမ့်မယ်လို့ မယုံကြည်ပေမဲ့ အနာဂတ်စိုက်ပျိုးမှုပုံစံ ဖြစ်လာလိမ့်မယ်လို့ Pink Farms ကို ပူးတွဲတည်ထောင်သူ မိုင်ယာက ပြောပါတယ်။

Ref: Bangkok Post ” In Brazil, pandemic forces ‘pink farm’ to get creative”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top