တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ရှိတဲ့ ပြတိုက်တစ်ခုဟာ အင်းဆက်တွေပါဝင်တဲ့ ဖျော်ရည်တွေနဲ့အတူ ပိုးဟပ်ပါဝင်တဲ့ ကော်ဖီကို ရောင်းချနေတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ လူသိများလို့နေပါတယ်။ ပြတိုက်ကို အလည်လာရောက်သူတစ်ဦးဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ပိုးဟပ်ကော်ဖီကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီပြတိုက်က လူအများကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဒေသတွင်းက သတင်းထောက်တွေက ပြတိုက်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဖျော်ရည်တွေက အစစ်မှန်ဖြစ်ပြီး စမ်းသပ်အဖျော်ယမကာလိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အင်းဆက်ကော်ဖီစီးရီးမှာ အစားအစာဘေးကင်းရေးနဲ့အညီ တရုတ်တိုင်းရင်းဆေးကနေ ရယူထားတဲ့ အင်းဆက်တွေကို ထည့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဖျော်ရည်တစ်ခွက်ကို ၄၅ ယွမ်ဝန်းကျင်ကျသင့်ပြီး ပိုးဟပ်ကော်ဖီ၊ Mealworm ပိုးကောင်ကော်ဖီ၊ ရေတကောင်းပင်လို့ လူသိများတဲ့ pitcher plant ရဲ့အစာခြေအရည်ပါဝင်တဲ့ အထူးဖျော်ရည်၊ ဟောလိုဝင်းအကန့်အသတ်ထုတ်ပုရွက်ဆိတ်ဖျော်ရည်တွေကိုလည်း ရွေးချယ်လို့ရပါသေးတယ်။
ဖျော်ရည်တစ်ခုချင်းစီအရသာက ကွဲပြားပါတယ်။ ပိုးဟပ်ကော်ဖီက အနည်းငယ်အချဉ်ဖောက်တဲ့အရသာရှိပြီး အစေ့အဆံလှော်ထားတဲ့ရနံအရသာရှိပါတယ်။ ပုရွက်ဆိတ်ဖျော်ရည်က ပိုပြီးအချဉ်ဖောက်တဲ့အရသာပါ။ pitcher plant ရဲ့အစာခြေအရည်ပါဝင်တဲ့ အထူးဖျော်ရည်ကတော့ ပုံမှန်သစ်သီးဖျော်ရည်နဲ့ အရသာဆင်ပါတယ်။
တစ်နေ့ကို ၁၀ ခွက်လောက်ရောင်းရပြီး ဝယ်ယူအားပေးတဲ့သူအများစုက ထူးထူးဆန်းဆန်းတွေကို စမ်းကြည့်ချင်ကြတဲ့ လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ပိုးဟပ်တွေအားလုံးက ဖျက်ဆီးတတ်တဲ့ပိုးမွှားတွေမဟုတ်ပါဘူး။ အသုံးဝင်နိုင်တယ်လို့ ပြတိုက်ဒါရိုက်တာက လူတွေကို အသိပေးထားပါတယ်။ “ကမ္ဘာ့တစ်ဝှမ်းမှာ ပိုးဟပ်မျိုးစိတ် ၅၀၀၀ ကျော်ရှိပြီး အများစုက ဖျက်ဆီးတတ်တဲ့ပိုးမွှားတွေမဟုတ်ပါဘူး။ သူတို့ဟာ တောရိုင်းမြေရိုင်းမှာ သဘာဝအတိုင်း ဆွေးမြည့်ပျက်စီးသွားပြီး ဆေးဝါးတွေနဲ့ အလှကုန်တွေမှာတောင် အသုံးပြုကြတယ်”လို့ ဆိုထားပါတယ်။
Ref: Museum in China sells cockroach coffee for S$8.50 & other edible insect drinks
WL (ရိုးရာလေး)

