ပီရူးလေဆိပ်မှာ အရေးပေါ်အခြေအနေအတွက် လေ့ကျင့်နေတဲ့ မီးသတ်ကားနဲ့ လေယာဉ် တိုက်မိပြီး မီးသတ်သမား ၂ ဦး သေဆုံး

21-11-2022yyl24.jpg

ပီရူးနိုင်ငံရဲ့ လေကြောင်းခရီးစဉ် ပြေးဆွဲမှုအများဆုံး လေဆိပ်မှာ လေယာဉ်နဲ့ မီးသတ်ကား တိုက်မိပြီး မီးသတ်သမား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က မြို့တော် လီမာမှာရှိတဲ့ ဂျော့ချားဗက်ဇ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Latam လေကြောင်းလိုင်းရဲ့ လေယာဉ်က ပျံတက်ဖို့ အရှိန်ယူနေတုန်း မီးသတ်ကား တိုက်မိခဲ့တာပါ။ မီးသတ်သမားတွေဟာ အရေးပေါ်အခြေအနေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတာကို လေ့ကျင့်နေတုန်း အခုလို မတော်တဆမှု ဖြစ်ခဲ့တာပါ။

အွန်လိုင်းပေါ်က ရုပ်သံမှတ်တမ်းအရ လေယာဉ်ဟာ ပြေးလမ်းပေါ်မှာ ဟန်ချက်ပျက်ကာ လွန့်လူးနေပြီး မီးလောင်နေတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်မှာ ခရီးသည် ၂၀ ဦး ဒဏ်ရာရခဲ့တဲ့အနက် ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပီရူးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

မီးသတ်တပ်ဖွဲ့က အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်ရေးလေ့ကျင့်မှုလုပ်ဖို့အတွက် လေယာဉ်ပြေးလမ်းထဲ ဝင်ရောက်ခွင့်ယူထားခဲ့တယ်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ လီမာလေဆိပ်ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပီရူးနိုင်ငံ လေဆိပ်နဲ့ စီးပွားဖြစ်လေကြောင်းပြေးဆွဲမှုဆိုင်ရာ ဒါရိုက်တာများအဖွဲ့ ဥက္ကဋ္ဌ ဂျော့ဆာလီနက်စ်ကတော့ မီးသတ်တပ်ဖွဲ့အနေနဲ့ လေယာဉ်ပြေးလမ်းထဲ ဝင်ရောက်ခွင့်မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဂျော့ချားဗက်ဇ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ တောင်အမေရိကတိုက်ရဲ့ လေကြောင်းသွားလာရေးမှာ အဓိကအချက်အချာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် လေကြောင်းခရီးစဉ်တွေကို ၂၄ နာရီကျော် ဆိုင်းငံ့ခဲ့ရပါတယ်။

Ref:Lima airport: Truck hit by plane on Peru runway was on planned drill

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top