အမျိုးသားနေ့

National-day-1.jpg

ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည်။

ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှုအနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင်ကြိုးစားရာမှ အမျိုးသားနေ့ ပေါ်လာရသည်။ ၁၉၂၁-ခု မန္တလေး၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေကွန်ဖရင့်က အမျိုးသားနေ့သတ်မှတ်ရေး စတင်ဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးကြရာတွင် အင်္ဂလိပ် သူရိယသတင်းစာမှ ဦးတုတ်ကြီးတင်ပြသည့် သီပေါမင်းနန်းကျသည့် ပါတော်မူနေ့၊ ပျဉ်းမနားဧလာမှ ဦးဒွေး တင်ပြသည့် ဦးဥတ္တမထောင်ကျသောနေ့၊ ပထမကျောင်းသား သပိတ်တွင်ပါဝင်သည့် ကိုမြင့် တင်ပြဆွေးနွေးသည့် ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်လက်နက် စတင်စွဲကိုင်တော်လှန်သည့်နေ့၊ တစ်နေ့နေ့ကို သတ်မှတ်ရန် အကြမ်းသဘောတူကြသည်။

ထို့နောက် ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ – ၁၈ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပေသော ဂျီစီဘီအေအထူးကွန်ဖရင့်က ၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ် ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်၍ အတည်ပြုပေးခဲ့သည်။ ထိုနေ့သည် အုပ်ချုပ်သူ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသားများသပိတ်မှောက်သည့်နေ့၊ အမျိုးသားတော်လှန်ရေး စတင်သည့်နေ့ ဖြစ်ခြင်းတို့ကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ ထိုနေ့သည် အင်္ဂလိပ် နယ်ချဲ့အစိုးရအပေါ် အောင်ပွဲခံသောနေ့ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ဟုလည်း ခေါ်ကြသေးသည်။ ရက်သတ်မှတ်ရာတွင်ပင် အမျိုးသားနေ့၏ အဓိပ္ပာယ် ပြည့်စုံ ပေါ်လွင် ပီပြင်စေရန် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သော အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ဟု တမင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမျိုးသားရေး လက္ခဏာသည် ပို၍ ပေါ်လွင်ထင်ရှားစေခဲ့သည်။

အမျိုးသားနေ့ ပေါ်လာ၍ ၁၉၂၂ ခုနှစ်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပခဲ့သည်။ အမျိုးသားနေ့ကို အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသားတိုင်းက အမြတ်တနိုးထား၍ လေးစားကြပြီး အညီအညွတ်ကျင်းပခဲ့ကြသည်။ အမျိုးသားနေ့ကို ၁၉၃၄ ခုနှစ်မှ စ၍ ကျောင်းပိတ်ရက်အဖြစ် လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှ စ၍ ရုံးပိတ်ရက်အဖြစ်လည်းကောင်း ပြဋ္ဌာန်းခဲ့သည်။ ထိုသို့ အမျိုးသားနေ့များကျင်းပရာတွင် မျိုးချစ်စိတ်ထက်သန်ရေးနှင့် နယ်ချဲ့အင်္ဂလိပ်အစိုးရဆန့်ကျင်ရေးလုပ်ငန်းများအတွက် စည်းရုံးလှုံ့ဆော်အဓိဋ္ဌာန်ပြုခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာစေပြီး နယ်ချဲ့အစိုးရ ဆန့်ကျင်ရေးလုပ်ငန်းများ အရှိန်မြင့်လာသည်။ ထိုစိတ်ဓာတ်ကပင် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကို လွတ်လပ်ရေးရသည်အထိ ဦးဆောင်သွားခဲ့သည်။

နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာ၊ အမျိုးသားပညာရေးကို တောင်းဆိုဖော်ပြသော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောလှုပ်ရှားမှုကြီး ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ တစ်ပြည်လုံး အတိုင်းအတာဖြင့် ကျင်းပလေသည်။

Ref: တို့ဗမာ အစည်းအရုံးသမိုင်း -ပထမတွဲ၊ ၂၀၀၀-ခုနှစ်၊ တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသနဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေသော မြဟန် ၏ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်’ မှ “အမျိုးသားနေ့”၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top