ဆီးရီးယားနိုင်ငံအနောက်ပိုင်း ရှေးဟောင်းနယ်မြေမှာ တူးဖော်တွေ့ရှိရတဲ့ အက္ခရာဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အက္ခရာအသုံးပြုမှု ဖြစ်မယ်လို့ ရှေးဟောင်းပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ Tell Umm el-Marra ရှေးဟောင်းနယ်မြေဟာ ဆီးရီးယားနိုင်ငံရဲ့ အရေးပါတဲ့မြို့ပြဗဟိုချက်တစ်ခုဖြစ်ပြီး ဒေသတွင်း ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ မြို့ပြအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ တူးဖော်ရှာဖွေမှုတွေလုပ်နေတာ ၁၆ နှစ်တိုင်ခဲ့ပါပြီ။
ဖောက်ထွင်းခံရခြင်း မရှိဘဲ အကောင်းအတိုင်းရှိနေတဲ့ သချိုင်းဂူဟာ ကြေးခေတ်အစောပိုင်းကာလကဖြစ်ပြီး အရိုးစု ၆ ခုနဲ့အတူ ရွံ့ချပ် ၄ ချပ် တွေ့ရှိခဲ့ပါတယ်။ ရွံ့ချပ်ပေါ်မှာ ရိုက်နှိပ်ထားတဲ့ အက္ခရာတွေဟာ ဂျူးအက္ခရာ ပုံစံမျိုးဖြစ်ပေမဲ့ ကာဗွန်သက်တမ်းတွက်ချက်မှု နည်းပညာအရ အဲဒီရွံ့ချပ်ဟာ ယခင်က အစောဆုံးအက္ခရာအသုံးပြုမှုလို့ သတ်မှတ်ထားချိန်ထက် နှစ် ၅၀၀ ဝန်းကျင် ပိုပြီးရှေးကျပါတယ်။
” အက္ခရာစကားလုံးတွေဟာ တော်ဝင်မိသားစုနဲ့ လူကုံထံအသိုင်းအဝိုင်းတွေတင်မကဘဲ လူတွေအားလုံး စာရေးသားဆက်သွယ်နိုင်ရေးကို တော်လှန်ပြောင်းလဲခဲ့တာပါ။ လူတွေရဲ့ ရှင်သန်နေထိုင်မှု၊ စဉ်းစားတွေးခေါ်မှုနဲ့ ဆက်သွယ်မှုတွေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အခုတွေ့ရှိမှုအရ လူသားတွေဟာ ဆက်သွယ်ရေးနည်းလမ်းသစ်တွေကို ကျွန်တော်တို့ တွေးထင်တာထက် အချိန်ပိုစောပြီး အသုံးပြုခဲ့တာပါ။ နေရာဒေသလည်း မတူပါဘူး”လို့ ရွံ့ချပ်တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ရှေးဟောင်းပါမောက္ခ ဂလန်းရှဝက်ဇ်က ပြောပါတယ်။
” အရင်တုန်းက အက္ခရာတွေဟာ ဘီစီ ၁၉၀၀ နောက်ပိုင်းကျမှ အီဂျစ်နိုင်ငံတစ်ဝိုက်မှာ တီထွင်အသုံးပြုခဲ့တာလို့ ပညာရှင်တွေက ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ အခုတွေ့ရတဲ့ ရှေးဟောင်းပစ္စည်းတွေအရ သက်တမ်း ပိုရှေးကျပြီး တည်နေရာလည်း မတူကြပါဘူး”လို့ သူက ဆိုပါတယ်။
ဂျူးအက္ခရာတွေမှာ အစောဆုံးကတော့ ၁၉၀၅ ခုနှစ်က ဆိုင်းနိုင်းကျွန်းဆွယ်မှာ တူးဖော်တွေ့ရှိခဲ့တဲ့ ရေးသားဖော်ပြမှု နမူနာ ၂၀ ကနေ ၄၀ ပါပဲ။ အဲဒီနမူနာပုံစံတွေဟာ အီဂျစ်စာနဲ့ မြောက်ပိုင်းဂျူးအက္ခရာတွေကြား ကွာခြားမှုကို ဖော်ပြနေတယ်လို့ ယူဆထားကြပါတယ်။
Ref: Oldest Known Alphabet Unearthed in Ancient Syria–Predating All Others by 500 Years
NZ ( ရိုးရာလေး)