ဖိလစ်ပိုင်နိုင်ငံမှာ မျောက်ကျောက်ရောဂါ မျိုးကွဲသစ်တစ်မျိုး တွေ့ရှိ

20.8.2024-yyl-၂.png

ဖိလစ်ပိုင်နိုင်ငံမှာ မျောက်ကျောက်ရောဂါ(mpox) မျိုးကွဲသစ်တစ်မျိုး တွေ့ရှိခဲ့ပြီး ဘယ်မျိုးကွဲလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ရောဂါကူးစက်ခံရသူဟာ ပြည်ပခရီးသွားမှတ်တမ်းမရှိတဲ့ အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံမှာ ပြန့်ပွားနေတဲ့ မျောက်ကျောက်ရောဂါက အိမ်နီးချင်းနိုင်ငံတွေအထိ ကူးစက်သွားတာကြောင့် သြဂုတ်လ ၁၄ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မျောက်ကျောက်ရောဂါ မျိုးကွဲသစ်ဟာ ထိတွေ့မိရုံနဲ့ ကူးစက်မှုမြန်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

သြဂုတ်လ ၁၅ ရက်က ဆွီဒင်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မျိုးကွဲသစ်ဟာ အာဖရိကမှာ ကူးစက်ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်နဲ့ ဆက်နွှယ်နေပြီး အာဖရိကတိုက်ပြင်ပကို ပထမဆုံး ပျံ့နှံ့သွားတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၆ ရက်က ပါကစ္စတန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဟာ ပင်လယ်ကွေ့နိုင်ငံကနေ ပြန်လာသူ ဖြစ်ပြီး ကူးစက်ခံရတဲ့မျိုးစိတ်ကိုတော့ ခွဲခြားနိုင်ခြင်းမရှိသေးပါဘူး။

ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ဓာတ်ခွဲခန်းမှာ အတည်ပြုနိုင်ခဲ့တဲ့ ၁၀ ဦးမြောက် ရောဂါကူးစက်ခံရမှုဖြစ်ပါတယ်။

” ကူးစက်ခံရပြီးတစ်ပတ်ကျော်ကြာရင် ဖျားတယ်။ နောက် ၄ ရက်လောက်နေရင် မျက်နှာ၊ ကျော၊ ဇက်၊ ခန္ဓာကိုယ်နဲ့ ပေါင်ခြံ၊ လက်ဖဝါး၊ လက်ဖမိုးတွေမှာ အင်ပြင်တွေ ထွက်လာတတ်ပါတယ်” လို့ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပုံမှန်အားဖြင့် မျောက်ကျောက်ရောဂါဟာ အဖျားရောဂါ လက္ခဏာမျိုးပဲ ဖြစ်ပြီး ရောဂါလက္ခဏာပျော့ပေမဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ခံအားနည်းသူတွေ၊ HIV ရောဂါခံစားနေရသူတွေဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

Ref: Philippines detects first mpox case this year, yet to determine strain
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top