လူအမျိုးမျိုး စိတ်အထွေထွေ

man-throwing-a-stone-MEND4S6-e1563692281848.jpg

ရှေးအခါက ကောရဏ္ဍိယအမည်ရှိ အမျိုးသားကောင်းတစ်ဦးသည် တက္ကသိုလ်ပြည်က ဆရာကြီးထံတွင် ပညာသင်ယူလျက်ရှိသည်။ ကောရဏ္ဍိယသည် ထူးချွန်သဖြင့် ဆရာကြီးမှ တပည့်အကြီးအကဲ အဖြစ်ထား၏။ ယနေ့ခေတ်အဆိုအရ အတန်းခေါင်းဆောင်ပင်ဖြစ်သည်။ ဆရာကြီးသည် မြင်မြင်သမျှ တပည့်အပေါင်းတို့အား သီလစောင့်တည်ရန် တိုက်တွန်းပြီး သီလပေးလေ့ရှိသည်။ တပည့်များမှ အချို့သာ သီလကို အမှန်အကန် ဆောက်တည်၍ အများမှာ နှုတ်ဖြင့်သာ သီလခံယူပြီး မစောင့်စည်းကြပေ။ ထိုအကြောင်းကို ကောရဏ္ဍိယမှ သိသဖြင့် ဆရာကြီးအား အကျိုးအကြောင်းပြောပြကာ သီလစောင့်တည်လိုသူများကိုသာ သီလပေးရန် ပြောလေသည်။ ဆရာကြီးသည် စိတ်မကြည်မသာ ဖြစ်ရ၏။ သို့သော် ယခင်အတိုင်း မြင်မြင်သမျှသူတို့အား သီလပေးမြဲပေး၏။ ကောရဏ္ဍိယလည်း အခွင့်မသာသဖြင့် ဆရာကြီးအား ထပ်မပြောတော့ပေ။

တစ်နေ့တွင် အိမ်တစ်အိမ်မှ မင်္ဂလာမန္တန် ရွတ်ဆိုရန် ဆရာကြီးနှင့် တပည့်များအား ပင့်ဖိတ်သည်။ ဆရာကြီးသည် ကောရဏ္ဍိယအား ခေါ်ယူပြီး အခြားတပည့်များနှင့် ပင့်ဖိတ်သောအိမ်သို့ သွားရောက် ရွတ်ဖတ်ပေးရန်၊ ပူဇော်သက္ကာရများ ခံယူရာတွင် မိမိအတွက်ပါ ယူခဲ့ရန် မှာကြားပြီး နေခဲ့လေသည်။ ကောရဏ္ဍိယနှင့် ကျောင်းသားများသည် မင်္ဂလာအိမ်မှ ကျောင်းတော်သို့ အပြန် လမ်းခုလတ်တွင် ကျောက်ကမ်းပါးကြီးတစ်ခုကို ဖြတ်သန်းရသည်။ ကျောက်ကမ်းပါးနားသို့ ရောက်သော် ကောရဏ္ဍိယသည် ခရီးမဆက်တော့ဘဲ ကျောက်ခဲများကို ကောက်ယူပြီး ချောက်ထဲသို့ ပစ်ချလေသည်။ အခြား ကျောင်းသားများမှ အကျိုးအကြောင်းမေးသော်လည်း စကားမပြန် လုပ်မြဲတိုင်းသာ ဆက်လုပ်နေသည်။ ကျောင်းသားအချို့သည် ကောရဏ္ဍိယအား ပြောမရသဖြင့် ဆရာကြီးဆီ အပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် ပြောလေသည်။

ဆရာကြီးသည် ကျောက်ကမ်းပါးဆီသို့ လိုက်လာခဲ့ပြီး ကောရဏ္ဍိယအား “အဘယ့်ကြောင့် ချောက်ကမ်းပါးထဲ ကျောက်ခဲတွေ ပစ်ချနေရသလဲ” ဟု မေး၏။ ကောရဏ္ဍိယမှ “ဆရာ၊ မြစ်သမုဒ္ဒရာ၊ ချောက်ကမ်းပါးတို့ကို မြေပြင်နှင့် ညီသွားအောင် ကျောက်ခဲတို့ဖြင့် ဖြည့်လို၍ ခဲများ ပစ်ချနေသည်” ဟု ပြန်ဖြေသည်။ ဆရာကြီးမှ သင် အသက်သေသွားသည်အထိ ဖြည့်လျှင်တောင် မပြည့်နိုင်၊ အချည်းနှီးသာပဲ ဖြစ်လိမ့်မည့်အကြောင်းဆိုသည်။ ထိုအခါမှ ကောရဏ္ဍိယသည် ဆရာကြီးအား သက်မဲ့ဖြစ်သော ဤ မဟာပထဝီမြေကြီးကိုတောင်မှ ညီညွတ်အောင် မလုပ်နိုင်သကဲ့သို့ စိတ်အမျိုးမျိုး၊ အယူအမျိုးမျိုး ရှိသော ဤသူတို့အားလုံးအား သီလဆောက်တည်ခိုင်းခြင်းမှာလည်း မဖြစ်နိုင်ကြောင်း ဥပမာပေး ဆိုလေသည်။ ဆရာကြီးလည်း သဘောပေါက်သွားပြီး သီလစောင့်တည်လိုသူများကိုသာ သီလပေးလေတော့သည်။

သီလစောင့်တည်ခြင်းသည် ကောင်းမွန်သည်၊ စောင့်တည်သူကို နတ်လူအပေါင်း ချစ်ခင်ကြသည်။ သီလပြည့်စုံသူတို့သည် သီလ၏ ကောင်းကျိုးချမ်းသာကို ကောင်းစွာသိသဖြင့် အများသူငါကိုလည်း မိမိနှင့်ထပ်တူ ရစေသိစေချင်ကြသည်။ သို့သော် လောကတွင် ကောင်းမှု၌ မွေ့ပျော်သူများရှိသကဲ့သို့ မပျော်မွေ့သူများလည်းရှိသည်။ အားလုံး၏ စိတ်သဘောတို့သည် တညီတညွတ်တည်းဖြစ်အောင် မည်သည့်တန်ခိုးရှင်သော်မှ မစွမ်းဆောင်နိုင်ပေ။ သူပြုသော အကြောင်းတရားအတိုင်း သူ့တွင် အကောင်း၊ အဆိုး အကျိုးတရားတွေ ဖြစ်ပေါ်လာမည်သာဖြစ်သည်။ တခါတရံ မိမိသည် အခြားသူအား ကောင်းစေလိုသောဆန္ဒဖြင့် အကြံပြုခြင်း၊ ပြောဆိုခြင်းများ ရှိပေလိမ့်မည်။ ထိုအခါ တဖက်သူမှ လက်ခံလျှင် စိတ်ချမ်းသာရသလို၊ ထော်လော်ကန့်လန့်လုပ်လျှင် စိတ်ပူလောင်ရပြန်သည်။ ထိုအခါမျိုးများတွင် ကောရဏ္ဍိယဇာတ်တော်အား အမှတ်ရပြီး စိတ်မကြည်လင်မှုတွေ ပြေပျောက်နိုင်ပါစေကြောင်း ဆန္ဒပြုမိသည်။

Ref: ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ကောရဏ္ဍိယဇာတ်တော်

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top
Englishဗမာစာ