အလုပ်မလုပ်ရဘဲ ပင်ပန်းနေတာ ဘာကြောင့်များလဲ

ww.png

“အလုပ်ကဖြင့် မလုပ်ရသေးဘူး၊ လူက ပြိုင်းနေပြီ “ ဆိုတာမျိုး ကျွန်တော်တို့ ပြောတတ်ကြပါတယ်။ အိပ်ရေးဝတယ်ဆိုပါစေဦး မလန်းမဆန်းနဲ့ နွမ်းလျနေတာမျိုးတွေဟာ ကျန်းမာရေးရှုထောင့်အရ ဖြစ်နိုင်ချေရှိပါသတဲ့။ ဘာကြောင့်လဲဆိုရင် ဒီအကြောင်းအရင်းတွေကြောင့်ပါ။

၁) ရေဓာတ်ခန်းခြောက်နေတာ – ရေဓာတ်အလုံအလောက်မရတာ၊ ရေဝဝ မသောက်ထားတာကြောင့် နွမ်းနယ်နေတာတွေ ဖြစ်တတ်ပါတယ်။ ရေကို တစ်နေ့ကို ဖန်ခွက်(၈) ခွက်လောက် မှန်မှန်သောက်သင့်ပါတယ်။ အဲဒီအတွက်လည်း ပုံမှန် ပြန် အပေါ့သွားရမှာ ဖြစ်ပြီး ဆီးမသွားဘဲ အောင့်ထားတာတွေ မလုပ်သင့်ပါဘူးတဲ့။

၂) ဗီတာမင် B12 (ဘီတွဲလ်ဗ်) ချို့တဲ့တာ – ဗီတာမင် B12 ဟာ အသားတွေမှာ ပို ပါဝင်တာမို့ သက်သက်လွတ်စားသူတွေ၊ အသားစား နည်းသူတွေမှာ B12 ချို့တဲ့တာတွေ ဖြစ်နိုင်ပါတယ်။ B12 ချို့တဲ့နေရင် ပင်ပန်းနွမ်းနယ်တာအပြင် မျက်လုံးဖွင့်လျက်နဲ့ အိပ်ပျော်သလို ငိုက်မြည်းနေတာ၊ ခန္ဓာကိုယ် ထုံထိုင်းကိုက်ခဲနေတာတွေ ဖြစ်တတ်ပါတယ်။ ဒီအတွက်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး B12 ပါဝင်တဲ့ အားဆေးတွေ သောက်နိုင်ပါတယ်။

၃) စိတ်ဖိစီးမှုများနေတာ – စိတ်ဖိစီးမှုတွေ များနေရင်လည်း နွမ်းနယ်ပင်ပန်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လုပ်စရာတွေ အများအပြားရှိနေတာ၊ ဖိအားတွေ များနေတာကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ရင် လူက ချိနဲ့အားနည်းနေတတ်ပါတယ်။ စိတ်တက်ကြွလန်းဆန်းစေတဲ့ ဂီတတွေ၊ တရားထိုင်လေ့ကျင့်ခန်းတွေနဲ့ ပြန် အားဖြည့်နိုင်ပါတယ်။

၄) နှလုံးရောဂါ ရှိနေတာ – အသက်ရှုကြပ်တဲ့ အထိ မောဟိုက်နေတာတွေ၊ နှလုံးတုန်ရင်ခုန်ဖြစ်ပြီး အာရုံစိုက်မရတာတွေအထိ ဖြစ်နေတယ်ဆိုရင်တော့ မပေါ့ပါနဲ့။ သင့်မှာ နှလုံးရောဂါအခံ ရှိနေနိုင်ပါတယ်။

၅) သင့် ကိုယ်တွင်းက သံဓာတ်ပမာဏက အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတာ – သံဓာတ်ပမာဏနည်းနေရင် အရည်အသွေးမပြည့်မီတဲ့သွေးနီဥတွေ ဖြစ်စေပြီး အဲဒီကမှ တဆင့် သင့်ကို ပြန်လည်လန်းဆန်းစေတဲ့ အောက်ဆီဂျင်ပမာဏကို ထိခိုက်စေပါတယ်။ သံဓာတ်ပမာဏများပြားနေရင်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ပင်ပန်းတာတွေ အပြင် အစာခြေလမ်းကြောင်းနဲ့ သိုင်းရွိုက်ဆိုင်ရာ ပြဿနာ၊ အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာသွေး အများအပြားဆင်းတာတွေ စတဲ့ လက္ခဏာတွေက သံဓာတ်အားနည်းနေကြောင်းပြနေတာ ဖြစ်ပြီး သာမန်လူတွေထက် ပိုချမ်းတာ၊ မတ်တပ်ထရပ်တဲ့ အခါ မူးဝေတာတွေက သံဓာတ်ပမာဏများနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သံဓာတ်ဟာ ဟန်ချက်ညီညီရှိသင့်တာမို့ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ မတိုင်ပင်ဘဲ သံဓာတ်အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။

၆) အလှုပ်အရှားနည်းပါးတာ – ဟုတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိအားများတဲ့ အချိန်မှာ လှုပ်ရှားမှု သိပ်မပါတဲ့ အလုပ်တွေ ထိုင်လုပ်နေရတာက လူကို ပင်ပန်းစေပါတယ်။ အလုပ်စားပွဲက ခဏလောက် ထပြီး မြက်ခင်းစိမ်းတွေဘက် လမ်းလျှောက်တာ၊ အားလပ်ချိန်တွေမှာ အထိုက်အလျော်က လေ့ကျင့်ခန်းလုပ်တာတွေက စိတ်ကို ကြည်လင်စေပြီး ပိုမိုလန်းဆန်းနေစေမှာပါ။

၇) လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ – လေ့ကျင့်ခန်းတွေ၊ အားကစား လိုက်စားမှုတွေ အပြင်းအထန်လုပ်တာတွေက အဲဒါတွေ မလုပ်ဘဲ အလုပ်လုပ်နေတဲ့ အချိန်မှာတောင် လူကို တောက်လျှောက်ပင်ပန်းနုံးချိစေပါတယ်။ ဒါကတော့ အထူးပြောစရာတောင် မလိုပါဘူး။

၈) ဆီးလမ်းကြောင်း ပိုးဝင်တာ ( urinary tract infection – UTI) – အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ရင်လည်း မောပန်းလွယ်တာတွေ ဖြစ်နိုင်ပါသတဲ့။ ရောဂါလက္ခဏာကတော့ ဆီးသွားတဲ့ အခါ ပူလောင်စပ်ဖျဉ်းတဲ့ ဝေဒနာကို ခံစားရတာပဲ ဖြစ်ပါတယ်။ အသက်လေးဆယ်ကျော်တဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ဒီဝေဒနာအတွက် သတ်မှတ်ထားတဲ့ ပဋိဇီဝဆေးတွေကို ရှာဖွေ သုံးစွဲနိုင်ပါတယ်။ ရေရှည်ဖြစ်ပွားနေရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။

Ref: prevention.com ; “8 Weird Reasons You ‘re Tired All the Time”
ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top