သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်

10-11-2020-yyl-028.jpg

ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ ဒီတော့ ခံတွင်းမကျန်းမာတဲ့အခါ အစားအသောက်ပါ တစ်ခါတည်းပျက်ရပါတယ်။ ဒါမှမဟုတ် ဆာနေလျက်နဲ့ မစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။

ဒီလိုအရေးကြီးလှတော့ မိမိရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ လူတိုင်းအတွက် အထူးအရေးပါနေတော့တာပေါ့။ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံတွင်း ကျန်းမာလား မကျန်းမာလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုရင် တစ်ချက်ကတော့ အားနည်းနေတဲ့၊ ချို့ယွင်းနေတဲ့ နေရာကို ကုစားဖို့ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျန်းမာနေတယ်ဆိုရင် ဂုဏ်ယူဖို့အတွက်ပါပဲ။ လူအများစုဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာအမြဲရှိနေတတ်တာမို့ တကယ်လို့ ကိုယ်ကကျန်းမာနေတယ်ဆိုရင် အရမ်းကို ဂုဏ်ယူဖို့ ကောင်းနေပြီလေ။

ကဲ သင့်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရဲ့လားဆိုတာကို အောက်ကအချက်တွေနဲ့ ကိုက်ညှိပြီး ဆန်းစစ်ကြည့်ရအောင်

ခံတွင်းနံ့ဆိုး မရှိဘူး – ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားရှိပေမယ့် အဓိကအချက်ကတော့ ခံတွင်းကျန်းမာရေးဆိုင်ရာပြဿနာ တစ်စုံတစ်ရာရှိနေတာကြောင့်ပါ။ တကယ်လို့သင့်မှာ ခံတွင်းအနံ့ဆိုးမရှိဘူးဆိုရင် သင့်ရဲ့ ခံတွင်းကျန်းမာရေးဟာ အိုကေနေတဲ့ သဘောပါ။

Adorable child brushing his teeth in the bathroom

ပန်းရောင်သန်းတဲ့ လျှာ – လျှာကလည်း ကျန်းမာတဲ့ ခံတွင်းရဲ့ အရေးပါတဲ့ အရာတစ်ခုပါပဲ။ ကျန်းမာတဲ့ လျှာဟာ ပန်းရောင်သန်းပြီး နူးညံ့နေတတ်ပါတယ်။ လျှာကဖြူနေရင် ဒါမှမဟုတ် အရောင်တစ်ခုခုဖြစ်နေရင် သင့်ခံတွင်းကျန်းမာရေး အခြေအနေက အနှုတ်ဘက်ကို ရောက်နေပါပြီ။

ခိုင်မာတဲ့ သွား – ကျန်းမာတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် သွားခိုင်ခိုင်လေးတွေ ရှိနေဖို့လည်းလိုတာပေါ့။ သွားလေးတွေဟာ ဖြူပြီးမာကျောကြံ့ခိုင်နေရင်လည်း ဒါက ကောင်းတဲ့ လက္ခဏာပါပဲ။ ကိုယ့်သွားခိုင်မခိုင်သိချင်ရင် ရေခဲရေ အေးအေးလေးသာ သောက်ကြည့်လိုက်ပါ။ မခိုင်တဲ့သွားတွေက အလွန်ကျဉ်တက်လာတတ်ပါတယ်။

တင်းရင်းတဲ့ သွားဖုံး – သွားဖုံးလေးကလည်း တင်းတင်းရင်းရင်းနဲ့ ခိုင်ခိုင်မာမာလေးဖြစ်နေဖို့ လိုပါတယ်။ သွားဖုံးက ဂျယ်လီလို ပျော့နေတာ၊ ပန်းရောင်မဟုတ်ပဲ အရောင်ပြောင်းနေတာ၊ မို့မောက်ဖောရောင်နေတာတွေဖြစ်နေရင် သင့်သွားဖုံးဟာ ပြဿနာရှိနေတာ သေချာနေပါပြီ။

သွားပိုးပေါက် မရှိတာ – သွားပိုးပေါက်တွေ ရှိနေပြီဆိုမှတော့ ဘယ်ကျန်းမာတော့မလဲ။ သွားပိုးပေါက်တွေ၊ အက်ကြောင်းတွေဟာ သွားရဲ့ ကြွေလွှာပျက်စီးမှုလက္ခဏာတွေဖြစ်ပါတယ်။ ကျန်းမာတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် သွားပိုးပေါက်တွေ၊ အက်ကြောင်းတွေလည်း မရှိဖို့ လိုအပ်ပါတယ်။

လှပတဲ့သွား – လူတိုင်းကတော့ သွားတည်ဆောက်ပုံ ညီညာနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လိုက်ချိန်မှာ၊ ပြုံးလိုက်ချိန်တွေမှာ ကြည့်ပျော်တယ်၊ လှတယ်ဆိုတဲ ခံစားချက်မျိုးရတာကို ဆိုလိုတာပါ။ ညီနေရင်တော့ ပိုလှတာမို့ ခုနောက်ပိုင်းမှာ သွားညီအောင် သွားထိန်း (Braces) တပ်ပြီး ပြုပြင်ယူကြတာပါ။

အရောင်အသွေးညီတဲ့ သွား – သွားလေးတွေက ဖြူဖွေးပြီး ညီညာနေမှ လှတာဖြစ်သလို ဒီလို အရောင်အသွေးညီနေတာလေးကိုက သင့်သွား ကျန်းမာနေမှုရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သွားတွေ ညစ်နေမယ်ဆိုရင် ပိုးကူးစက်ခံရတာတွေ၊ နာ့ဗ်ကြောသေလေးတွေ ရှိနေတာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။

သွားတိုက်ရင် သွေးမထွက်ဘူး – တချို့တွေဆို သတိထားမိပါလိမ့်မယ်။ သွားတိုက်ရင် ဘာကြောင့်မှန်းမသိ သွေးစလေးတွေ ထွက်ထွက်လာတတ်တာကို။ ဒါက သင့်ရဲ့သွားတွေ ကြံ့ခိုင်မှုအားနည်းနေတာကို သိသာစေတဲ့အချက်ပါ။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့သွားမှာ ဒီလိုမဖြစ်နိုင်ပါဘူး။

အထက်ပါအချက်တွေနဲ့သာ ကိုက်ညီနေမယ်ဆိုရင် သင်ဟာ ဂုဏ်ယူစရာကောင်းလောက်အောင်ကို သွားနဲ့ ခံတွင်း ကျန်းမာနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကျန်းမာခြင်းလာဘ်ကြီးကို ဆက်ပြီး ထိန်းသိမ်းထားပါနော်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top