Netflix ရဲ့ အောင်မြင်တဲ့ကိုရီးယားအက်ရှင်ဇာတ်လမ်းတွဲ Bloodhounds ဟာ ဒုတိယတွဲနဲ့အတူ ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာပါပြီ။ အဲ့ဒီဇာတ်လမ်းတွဲမှာ နာမည်ကြီးအဆိုတော်မင်းသား Rain ရဲ့ပြောင်းလဲမှုက လူအများရဲ့အာရုံစိုက်မှုရရှိနေပါတယ်။
Rain က ငွေကြေး၊ အကြမ်းဖက်မှုတွေနဲ့ တွန်းအားပေးထားတဲ့ ကမ္ဘာလုံးဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ်ကို လွှမ်းမိုးထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဗီလိန်ဇာတ်ကောင်အသစ် ဘေဂျွန်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကောင်ပီပြင်ဖို့အတွက် သူ့ကို အရင်ကမမြင်ဖူးတဲ့ဆံပင်စတိုင်မျိုး ပြောင်းလဲထားပါတယ်။
Season 1 မှာ တရားမဝင် ငွေချေးဂိုဏ်းကို ဖြိုခွင်းခဲ့တဲ့ ဂန်ဝူး နဲ့ ဝူဂျင်း အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား ဝူဒိုဟွမ်နဲ့ လီဆန်ရီတို့က Season 2 မှာ ပုဂ္ဂလိကငွေချေးတာထက် ကျော်လွန်တဲ့ နိုင်ငံတကာတရားမဝင်လက်ဝှေ့ရဲ့အန္တရာယ်ကမ္ဘာထဲရောက်ကာ တိုက်ခိုက်သွားကြရမှာဖြစ်ပါတယ်။ Season 2 က Season 1 ထွက်ရှိပြီး ၃ နှစ်အကြာမှာ ထွက်ရှိလာတာဖြစ်ပါတယ်။

ဂန်ဝူးဇာတ်ကောင်က လက်ဝှေ့ချန်ပီယံဖြစ်ချင်တဲ့အိပ်မက်နောက်လိုက်နေတာဖြစ်ပြီး ဝူဂျင်းက ဂန်ဝူးဘေးကနေ နည်းပြအဖြစ် ရှိနေတာကို ဇာတ်လမ်းတွဲနမူနာမှာ ပြသထားပါတယ်။
မင်းသား Rain ရဲ့ဇာတ်ကောင်က လျှို့ဝှက်သိုသိပ်တဲ့လက်ဝှေ့အဖွဲ့ချုပ်ကို ကျော်ကြားတဲ့ချန်ပီယံတစ်ယောက်အနေနဲ့မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့သူတစ်ယောက်အနေနဲ့ အုပ်ချုပ်ပါတယ်။ သူက ချန်ပီယံဆုရှင်တွေအပေါ် အင်အားအလွန်အကျွံသုံးတယ်။ အမြတ်အစွန်းတစ်ခုကိုပဲ ကြည့်ပြီး သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို ရွေးချယ်တယ်။ အဲ့ဒီပစ်မှတ်က ဂန်ဝူးဖြစ်တယ်။
Season 2 မှာ ဂန်ဝူး၊ ဝူဂျင်းနဲ့ ရက်စက်ပြီးအင်းအားအကြီးဆုံးရန်သူတို့ကြား ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Bloodhounds Season 2 ကို ဧပြီ ၃ ရက်နေ့ကျ Netflix ကနေ ပြသသွားမှာဖြစ်ပါတယ်။
Ref: Rain Goes Bald for Villain Role in Bloodhounds 2: Shocking Transformation Ahead of April 3 Premiere!
WL (ရိုးရာလေး)

